(002HH)
ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့နယ် ဆမီးမြို့ပေါ်တွင် စစ်ဘေးရှောင်နေကြသော ပြည်သူများသည် ဆောင်းဝင်စပြုလာပြီဖြစ်သောကြောင့် အနွေးထည်များအပြင် အမျိုးသမီးလစဉ်သုံးများ လိုအပ်နေသည်ဟု ဆမီးမြို့ပေါ်က စစ်ဘေးရှောင်တာဝန်ခံ တစ်ဦးက ပြောသည်။
“အခုက မိုးကုန်ပြီဆိုတော့ အနွေးထည်လိုအပ်ပြီ၊အခုတောင်မှ အေးလာပြီဆိုတော့ ကလေးတွေအတွက် အနွေးအထည်၊ စောင်တွေက လိုအပ်ချက်ရောက်နေပြီ၊ အာဏာသိမ်းမှုနောက်ပိုင်းမှာ အထောက်အပံ့လည်း မရှိဘူး” ဟု စစ်ဘေးရှောင် တာဝန်ခံက ပြောသည်။
အဆိုပါစစ်ဘေးရှောင်ပြည်သူများသည် ဆမီးမြို့ပေါ်တွင် စစ်ဘေးရှောင်နေကြသည်မှာ လေးနှစ်နီးပါး ရှိလာပြီးဖြစ်သည့်အပြင် လက်ရှိတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP) ၏ ထောက်ပ့့ံမှုတခုတည်းဖြင့်သာ စားသောက်နေကြရကြောင်း သိရသည်။
ထို့အပြင် ဆမီးမြို့ပေါ်က စစ်ရှောင်ပြည်သူများတွင် အမျိုးသမီးဦးရေ ပိုများပြီး ၎င်းတို့အတွက် အမျိုးသမီးလစဉ်သုံးနှင့် တကိုယ်ရေသုံးပစ္စည်းများလည်း လိုအပ်နေဆဲဖြစ်ကြောင်း ဆမီးမြို့ပေါ်က စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျမတို့က လစဉ်သုံးပစ္စည်းတွေလည်း ဝယ်လို့မရဘူး၊ အဝတ်အစတွေနဲ့သုံးကြရတယ်၊ တကိုယ်ရေသုံးပစ္စည်း၊ လုံချည်၊ ဆပ်ပြာ လိုအပ်တယ်” ဟု စစ်ရှောင်အမျိုးသမီးက ပြောသည်။
အဆိုပါ ဆမီးစစ်ရှောင်များအတွက် တကိိုယ်ရေအသုံးအဆောင်ပစ္စည်းများ၊ ကလေးငယ်များအတွက် အာဟာရမှုန့်များကို ဂရုဏာလူမှုကူညီရေးအဖွဲ့က အောက်တိုဘာလအထိသာ ထောက်ပံ့နိုင်တော့မည်ဖြစ်သောကြောင့် အကူညီများ လိုအပ်နေဆဲဖြစ်သည်ဟု စစ်ရှောင်ကူညီသူထံမှ သိရသည်။
၎င်းတို့သည် စစ်အာဏာသိမ်းမှုမဖြစ်ပွားခင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲကြောင့် ဆမီးမြို့ပေါ်တွင် စစ်ဘေးခိုလှုံခဲ့ကြရခြင်းဖြစ်ပြီး စစ်ရှောင်လူဦးရေ သုံးထောင်ကျော်တွင် လူဦးရေ ၁၅၀၄ ဦးမှာ ၂၀၂၃ မတ် ၂၈ ရက်နေ့တွင် စစ်ကောင်စီက နေရပ်ပြန်ခိုင်းခဲ့ပြီးဖြစ်သည်ဟု သိရသည်။
လက်ရှိ နေရပ်မပြန်ကြသေးသော စစ်ရှောင်ပြည်သူ နှစ်ထောင်ကျော်တို့မှာ ဆမီးမြို့ပေါ်က စည်ပင်၊ မျိုးပိုင်ကုန်း၊ ထွေအုပ်နှင့် ပျံကျစျေး စစ်ရှောင်စခန်းတို့တွင် စစ်ဘေးခိုလှုံနေကြသည်။