(006SV)
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း “နှုံးဘူး” နှင့် “ထရွန်အိုင်ဗျူဟာကုန်း” တို့ကို အပြီးသိမ်း ပိုက်နိုင်ရေးအတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။
ဘင်္ဂလားဒေ့ရှ် – အိန္ဒိယ – မြန်မာ သုံးနိုင်ငံနယ်စပ်အနီးမှာ တည်ရှိသည့် ပလက်ဝမြို့နယ်ထဲက ယင်းစစ်စခန်း (၂) ခုကို ရက္ခိုင့် တပ်တော် (AA) က နိုင်ဝင်ဘာလ ၁၄ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်အထိ ၁၇ ရက်ကြာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်။
နိုဝင်ဘာလ ၂၀ ရက်က ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်ဖျားဒေသဖြစ်သည့် တရွန်အိုင်ရွာအထက်ပိုင်း ၆ မိုင်က မီးဇာရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
စစ်ကောင်စီသည် ယင်းဗျူဟာများကို လေကြောင်းပစ်ကူများသာမက အခြားတပ်ရင်းများမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူနေကြောင်း AA ၏ သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
ထို့အပြင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင်လည်း စစ်ကောင်စီနှင့် AA တပ်ဖွဲ့တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ထိုးစစ်ဖြင့် တန်ပြန်တိုက်ခိုက်နေသည်၊
ပေါက်တောမြို့ပေါ်ရှိ နေအိမ်များ မီးလောင်ပျက်စီးမှုများရှိသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေး၏ စစ်ရှိန်နှင့်အတူ တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်သော စစ်ဆင်ရေးကြီးအဖြစ် အသွင်ပြောင်း အားကောင်းလာပြီး စစ်ကောင်စီကို အပြီးသတ် ဖြိုလှဲနိုင်ရန် ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် တခြားးတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များကလည်း စစ်ဆင်ရေးသတ်မှတ်ထားသော နေရာများတွင် စစ်ရေးရည်မှန်းချက်များ အထမြောက်အောင် ဆက်လက်ပူးပေါင်းဆောင်ရွက်နေသည်ဟု သိရသည်။