(005MK)
မြန်မာနိုင်ငံနှင့် နယ်စပ်တဖက်တချက်စီ လွတ်လပ်စွာ သွားလာလှုပ်ရှားမှုစနစ် Free Movement Regime (FMR) ကို ချက်ချင်းရပ်ဆိုင်းရန် အိန္ဒိယပြည်ထဲရေး၀န်ကြီးက ယနေ့ ပြောဆိုလိုက်သည်။
အိန္ဒိယနိုင်ငံ၏ ပြည်တွင်းလုံခြုံရေးနှင့် အိန္ဒိယအရှေ့မြောက်ပြည်နယ်များ၏ လူဦးရေအနေအထားကို ထိန်းသိမ်းရန် မြန်မာနယ်စပ်ရှိ လွတ်လပ်စွာ လှုပ်ရှားသွားလာမှုစနစ် (FMR) ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြပြီး ပြည်ပရေးရာဌာနကလည်း ယင်းကိစ္စအား စတင်ဆောင်ရွက်နေပြီဖြစ်သောကြောင့် FMR ကို ချက်ချင်းရပ်ဆိုင်းရန် အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Amit Shah က ယနေ့ ဖေဖော်ဝါရီ ၈ ရက်တွင် သူ၏လူမှုကွန်ယက်စာမျက်နှာကဆင့် ဖော်ပြလာခြင်းဖြစ်သည်။
“နိုင်ငံရဲ့ ပြည်တွင်းလုံခြုံရေးနှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်တွေရဲ့ လူဦးရေစာရင်းကို ထိန်းသိမ်းရန် အိန္ဒိယနှင့် မြန်မာနိုင်ငံကြား လွတ်လပ်သော လှုပ်ရှားမှုစနစ် (FMR) ကို ဖျက်သိမ်းရန် ပြည်ထဲရေးဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့ပါတယ်။ ပြည်ပရေးရာဝန်ကြီးဌာနကလည်း လက်ရှိမှာ အဲဒီကိစ္စကို ဖျက်သိမ်းရန် လုပ်ဆောင်နေပြီး FMR ကို ချက်ချင်းရပ်ဆိုင်းဖို့ အကြံပြုထားပါတယ်’’ ဟု အိန္ဒိယ ပြည်ထဲရေး၀န်ကြီးက ပြောပါတယ်။
အိန္ဒိယဗဟိုအစိုးရသည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား လွတ်လပ်စွာ လှုပ်ရှားသွားလာမှုစနစ် Free Movement Regime အစီအစဉ်ကို ၁၉၇၀ ခုနှစ်များအတွင်း ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေအရ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ရှိ ဒေသခံများအနေဖြင့် တဘက်တချက်စီ၏ နိုင်ငံအတွင်းကို ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ အတားအဆီးမရှိ ဝင်ရောက်သွားလာခွင့် ပြုထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံနှင့် ထိစပ်နေသော မီဇိုရမ်အပါအ၀င် အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသ ပြည်နယ် ၄ ခုက ဒေသခံများအနေဖြင့် Free Movement Regime ဟုခေါ်သော နှစ်ပေါင်း ၄၀ ကျော် အတားအဆီးမရှိ နယ်စပ်ကို ဖြတ်သန်းသွားလာခွင့်ရှိခဲ့သည့် အစဉ်အလာကို ဖျက်သိမ်းရန် အိန္ဒိယအစိုးရကစီစဉ်နေခြင်းဖြစ်သည်။
အိန္ဒိယအစိုးရသည် FMR ကိုဖျက်သိမ်းကာ ကီလိုမီတာ ၁၆၀၀ ကျော်ရှည်လျားသော အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးများခတ်ရန် ပြင်ဆင်လျှက်ရှိသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာနှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ် အစိုးရအဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းများက ပြန်လည်သုံးသပ်ရန် ကန့်ကွက်တောင်းဆိုမှု ရှိနေသည့်ကြားတွင် အိန္ဒိယက ရှေ့တိုးပြီး ဆက်လက်လုပ်ဆောင်လာခြင်းဖြစ်သည်။