(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း ပျဉ်းခုံကြီးရွာက ခရစ်ယာန် ဘုရားကျောင်း (၅) ကျောင်းအပါအဝင် လူနေအိမ်ရာချီကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်စီးခဲ့သည်ဟု သိရသည်။
ကလေးမြို့မြောက်ပိုင်းဒေသ တာဟန်း-လက်ပံချောင်း ကားလမ်းမပေါ်တွင်တည်ရှိသော ပျဉ်းခုံကြီးရွာကို ဧပြီလ ၁၂ ရက်နှင့် ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့က မီးတင်ရှို့ခဲ့ခြင်းဖြစ်ပြီး မီးလောင်ပျက်စီးသည့် အိမ်ခြေအရေအတွက် အတိအကျ မသိရသော်လည်း တရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ပျက်စီးသွားသော ဘုရားကျောင်းများမှာ East Baptist Church၊ West Baptist Church၊ Wesleyan Church၊ Believer Church နှင့် Church Of the Rock ဘုရားကျောင်းတို့ဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့သည့် ကလေးမြို့မြောက်ပိုင်းဒေသကို ဧပြီလဆန်းပိုင်းက စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
ယခုတွင်လည်း စစ်ကောင်စီတပ်ဖွဲ့သည် ဆည်ကြီးကျေးရွာအဝင်တွင် တပ်စွဲနေဆဲဖြစ်ပြီး တာဟန်း-လက်ပံချောင်း ကားလမ်းပေါ်က ကျေးရွာများသည် ရွာလုံးကျွတ် စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။
ကလေးမြို့မှ ၇ မိုင်ခန့်ကွာဝေးသော ပျဉ်းခုံကြီးရွာတွင် အိမ်ခြေ ၅၀၀ ဝန်းကျင်ခန့်ရှိပြီး ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်သည်။
ပြီးခဲ့သည့်မတ်လ ၁၉ ရက်နေ့တုန်းကလည်း ကလေးမြို့ တာဟန်းရပ်ကွက်အနီး ပျဉ်းခုံလေးကျေးရွာကို စစ်ကောင်စီက မီးရှို့ခဲ့ပြီး လူနေအိမ်ခြေ ၂၀၀ ကျော် ပျက်စီးခဲ့ပြီးဖြစ်သည်။