ချင်းပြည်အစိုးရတပ် နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေသော ထန်တလန်မြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဟားခါးမြို့စစ်ဗျူဟာကုန်းမှလည်း လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ကူခဲ့သည်ဟု သိရသည်။
ထန်တလန်မြို့ထဲ တိုက်တာအဆောက်အအုံဟောင်းများတွင် ခြေကုပ်ယူထားကြသော စစ်ကောင်စီတပ်သားများကို ချင်းပြည်အစိုးရတပ်ဖွဲ့က ယနေ့ဩဂုတ်လ ၂၀ ရက်မနက်ပိုင်းမှာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အတွက် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ကူနေခြင်းဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။
ယနေ့မနက်ပိုင်းတွင် တိုက်လေယာဉ်ဖြင့် အနည်းဆုံး ၃ ကြိမ်ဗုံးကြဲတိုက်ခိုက်ခံရပြီး၊ ဟားခါးမြို့ ရုန်းတောင်စစ်ဗျူဟာ ကုန်းကနေလည်း ထန်တလန်မြို့ထဲကို လက်နက်ကြီးနှင့် ၁၀ ကြိမ်ထက်မနည်း ပစ်ကူခဲ့သည်ဟု သိရသည်။
ဇူလိုင်လ ၂၂ ရက်နေ့ကစတင်ခဲ့ကြသော ထန်တလန်မြို့သိမ်းပိုက်နိုင်ရေး Tilim Operation-4 စစ်ဆင်ရေးသည် ယခုဆိုလျှင် တစ်လနီးပါးခန့်ရှိလာပြီဖြစ်ပြီး စစ်ကောင်စီတပ်သားများသည် ထန်တလန်မြို့ထဲက တိုက်တာ အဆောက်အအုံများတွင် ပုန်းခိုကာ မဆုတ်တမ်းခုခံနေကြောင်း ဆလိုင်းထက်နီကပြောသည်။
“သူတို့က ဟားခါး ဗျူဟာ လုံခြုံရေးအတွက် မဆုတ်တမ်း ခံစစ်အနေနဲ့ အခိုင်အမာလုပ်ထားတယ် ထန်တလန်က တိုက်တာ အဆောက်အအုံကောင်းတော့ သူတို့ ခိုတဲ့နေရာက ခိုင်တယ်” ဟု ဆလိုင်းထက်နီကပြောသည်။
Tilim Operation-4 စစ်ဆင်ရေးကာလအတွင်းမှာ ထန်တလန်မြို့ပေါ်က စစ်ကောင်စီအမာခံ ခလရ ၂၆၉ တပ်ကုန်း နှင့် ဟားခါး-ထန်တလန် ကြားမှာ အခိုင်အမာတပ်စွဲထားကြသော စစ်ကောင်စီ စခန်းပေါင်းအနည်းဆုံး ၈ ခုကို ချင်းပြည်အစိုးရတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ကြပြီး စစ်ကောင်စီတပ်သား ၃၀ ထက်မနည်းသေဆုံးပြီဟုသိရသည်။