Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမှာ ချင်းတော်လှန်ရေးအင်အားစုကို ထောက်ပံ့ကူညီမှု စွပ်စွဲချက်ဖြင့် ဒေသခံ ၃၀ နီးပါးကို ULA/AA ဖမ်းဆီးထိန်းသိမ်း
Photo: ULA/AA

ပလက်ဝမှာ ချင်းတော်လှန်ရေးအင်အားစုကို ထောက်ပံ့ကူညီမှု စွပ်စွဲချက်ဖြင့် ဒေသခံ ၃၀ နီးပါးကို ULA/AA ဖမ်းဆီးထိန်းသိမ်း

0
By Editor on October 10, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ချင်းတော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့ကူညီနေသည့် စွပ်စွဲချက်ဖြင့် ချင်းပြည်သူ ၃၀ နီးပါးကို အာရက္ခတပ်တော် ULA/AA က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကြားကာလ ခူမီး ချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီ – IKACC က ပြုစုထားသောစာရင်းများအရ သိရသည်။

၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း ပလက်ဝမြို့နယ်တွင် ULA/AA က ချင်းပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာတွင် ၅ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများမှ တစ်ဆင့်ကြားသိရသော်လည်း အသက် ၄၀ ခန့်အရွယ် အမျိုးသမီး ၁ ဦးအပါအဝင် ၁၅ ဦးကျော် ကျန်ရှိနေသေးကြောင်း IKACC မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ပလက်ဝမြို့နယ်က ဒေသခံပြည်သူ ၁၃ ဦးကို ချင်းတော်လှန်ရေးအင်အားစုကို ထောက်ပံ့သည့် စွပ်စွဲချက်ဖြင့် ထပ်မံဖမ်းဆီးခဲ့ကြောင်း၊ ယင်းအထဲတွင် CDF- ပလက်ဝ၏ ဒုတိယစခန်းမှူး တာဝန်ယူထားသူ ရဲဘော်တစ်ဦးလည်း ပါဝင်ကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“၂၀၂၃ ကတည်းက အဓိကက CNA ၊CDF တွေကို အားပေးထောက်ခံတယ်။ ငွေကြေးအားဖြင့်ဖြစ်စေ၊ အစစအရာရာပေါ့နော် သူတို့ကို ပံ့ပိုးကူညီတယ်ဆိုတဲ့ မသင်္ကာမှုနဲ့ ဖမ်းဆီးထားတယ်လို့ပဲ သိရတယ်။ လက်ရှိမှာလည်း ၂၀၂၄ မှာ လွန်ခဲ့တဲ့လက ဖမ်းဆီးတဲ့ ၁၃ ဦးကိုလည်းပဲ ။ CDF တွေနဲ့ အဆက်အသွယ်ရှိတယ်။ ထောက်ပံ့ကူညီတယ် ဆိုတဲ့ဟာနဲ့ ဖမ်းတာမျိုးဖြစ်တယ်။ အဲအထဲမှာ CDF ပလက်ဝက တစ်ယောက်ပါတယ်။ ဒုစခန်းမှူးပေါ့နော်။ သူကိုဘာလို့ ဖမ်းတာလည်းလို့ မေးတဲ့အချိန်မှာ သာမန်ရာဇဝတ်မှု မဟုတ်ဘူး။ ကြီးမားတဲ့ ရာဇဝတ်မှုကြောင့် ခဏထိန်းသိမ်းထားတယ်ဆိုတာ ပြောပါတယ်။ အဲဒါအကုန်လုံးကို ပြန်လွှတ်နိုင်ဖို့ကို ညှိနှိုင်းနေတာတော့ရှိတယ်” ဟု IKACC မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ULA/AA နှင့် IKACC တို့အကြားတွင် အပြန်အလှန်ဆက်သွယ်နိုင်ရန် နှစ်ဖက်ဆက်သွယ်ရေးတာဝန်ခံများထားရှိ၍ ဆွေးနွေးပြောဆိုမှုများ ရှိကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူများသည် ပလက်ဝမြို့နယ်ထဲက မီးဇာရွာ၊ ချင်းထောက်ရွာ၊ ပြင်ဝရွာအပါအဝင် ကျေးရွာ ၈ ခန့်က ဒေသခံ ပြည်သူများဖြစ်ကြောင်း သိရသည်။

Global Khumi Organization (GKO) အဖွဲ့ကလည်း စက်တင်ဘာလအတွင်း ULA/AA သည် CDF – ပလက်ဝကို ထောက်ပံ့ သည်ဟုဆိုကာ ကျေးရွာ ၄ ရွာမှ ပြည်သူအနည်းဆုံး ၁၄ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း စက်တင်ဘာလ ၃၀ ရက်က ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၇ ရက်က င/ရှားကျေးရွာမှ ဦးလင်းဝိုက်၊ ဦးထိန်လင်း၊ ဦးအောင်မ၊ ဦးပန်မြတ်ထိုက်နှင့် ဦးယက်ရယ်၊ ချင်းဒေါက်ကျေးရွာမှ ဦးနန်းဘဲနှင့် ဦးကျော်လှအောင်၊ ကုန်တော်အုပ်စု၊ ရေချမ်းသာကျေးရွာမှ ၃ ဦးတို့ကို ULA/ AA က ဖမ်းဆီးခဲ့ကြောင်း၊ စက်တင်ဘာလ ၂၅ ရက်တွင် အောက်ဘလိုင်ကျေးရွာမှ ဦးစွန်းအောင်၊ ဦးခင်ကျော်၊ ဦးကာပန်၊ ဦးဟွေ့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း GKO က ထုတ်ပြန်ထားသည်။

ပလက်ဝမြို့ပေါ် ပလက်ဝဆေးရုံအုပ် (ခေတ္တ) ဒေါက်တာအေးကျော်နှင့် ဒေသခံပြည်သူ ၂ ဦးကိုလည်း စက်တင်ဘာလ ၂၉ ရက်က ULA/AA က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ပလက်ဝမြို့ပေါ်နှင့် ကျေးရွာများတွင် ULA/AA က ဒေသခံများကို ဖမ်းဆီးထိန်းသိမ်းမှုများ ပိုမိုပြုလုပ်လာသောကြောင့် စက်တင်ဘာလအတွင်းမှာ ဒေသခံတချိ့ မိသားစုလိုက် မီဇိုရမ်ဘက်သို့ ထပ်မံထွက်ပြေးလာနေကြကြောင်း မီဇိုရမ်ကစစ်ဘေးရှောင်များက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လိုင်ဇာတွေ့ဆုံပွဲတွင် NUG အစိုးရ၊ KIO/KIA တို့နှင့် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့ဟု CB ပြော

ဇိုမီးအမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

UNHCR မှ ဒုက္ခသည်အဆင့်အတန်းသတ်မှတ်ချက် (RSD) Interview ကို မနက်ဖြန်မှစ၍ စတင်ခေါ်ယူမည်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.