(SV006)
ချင်းပြည်နယ် ဖလမ်းမြို့နယ် Khuanglung ကျေးရွာတွင် စစ်သုံ့ပန်းများထားရှိသည့်နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပြီး အစောင့်တပ်သားတစ်ဦးအပါအဝင် စစ်သုံ့ပန်း ၇ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက် ညပိုင်း ၁၁ နာရီဝန်းကျင်ခန့်တွင် ဖလမ်းမြို့နယ် Khuanglung ကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ ပန်း ရဲ ၇ ယောက် နဲ့ CNDF ရဲဘော်တစ်ဦး သေဆုံးခဲ့သည်ဟု CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။
“ည ၁၁ နာရီနဲ့ ၁၂ ကြားမှာပေါ့လေ MI 29 ဖိုက်တာဂျက်က အဲဒီ Khuanglung ရွာကို ၂ ကြိမ်ပစ်ပါတယ် အဲဒီနေရာက စစ်သုံ့ပန်းတွေကို ယာယီထားတဲ့နေရာဖြစ်တယ် စစ်သုံ့ပန်းတွေ ရှိတဲ့နေရာကို ပစ်တာပေါ့လေ၊ ကျောင်းနဲ့ ဆေးရုံကို ပစ်မှတ်ထားပြီးမှ ပစ်တယ် ကျနော်တို့ CNDF ရဲဘော်တစ်ဦး ဆုံးသွားတယ် စစ်သုံ့ပန်းဖမ်းထားတဲ့ဟာ ရဲ ၇ ယောက် ဆုံးသွားတယ် ရဲ ၃ ယောက်လောက်က ဒဏ်ရာရတယ်” ဟု ဆလိုင်းတီမီကပြောသည်။
ချင်းညီနောင်တပ်ဖွဲ့အနေဖြင့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က စတင်ခဲ့ကြပြီး စစ်ဆင်ရေးကာလအတွင်း ရဲတပ်ဖွဲ့ဝင် ၄၅ ယောက်ကို ဖမ်းဆီးရမိခဲ့ကြသည်။
ယင်းအထဲက စစ်သုံ့ပန်းတချို့ကို Khuanglung ကျေးရွာထဲက အဆောက်အဦးတစ်ခုမှာ ဖမ်းဆီးထိန်းသိမ်းထားစဉ် စစ်ကောင်စီက ဗုံးကြဲသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ယခုလက်ရှိအချိန်ထိ ဖလမ်းမြို့မှာ စစ်ရေးအခြေအနေပြင်းထန်နေဆဲဖြစ်ပြီး ခလရ ၂၆၈ တပ်ကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ချင်းညီနောင်တပ်ဖွဲ့က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဟု သိရသည်။
စစ်ကောင်စီကဘက်ကလည်း ဖလမ်းမြို့ မကျစေရေးအတွက် စစ်ကူများစေလွှတ်သည့်အပြင် လေကြောင်းကနေလည်း နေ့စဉ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။