(006SV)
မရာလူမျိုးအချင်းချင်းကြား ပဋိပက္ခကို ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းသော နည်းလမ်းဖြင့် ဆောင်ရွက်မည်အပါအဝင် မရာပြည် သူ့ညီလာခံမှ ဘုံသဘောတူညီချက် ၆ ချက် ဆုံးဖြတ်ချမှတ်နိုင်ခဲ့ကြောင်း MTC/MDF က ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၁ ရက်အထိ တတိယအကြိမ် မရာပြည်သူ့ညီလာခံကို ကျင်းပခဲ့ရာ လိုင်လင်းပီမြို့အပါအဝင် မရာကျေးရွာ ၄၃ ရွာမှ ပြည်တွင်းပြည်ပ လူထုကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ၊ မဟာမိတ်မှ ကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူများအပါအဝင် လူဦးရေ ၃၀၀ ကျော် တက်ရောက်သည်ဟု သိရသည်။
မရာမျိုးနွယ်စုအကြား စည်းလုံးညီညွတ်ရေးအတွက် တခုတည်းသော အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ တည်ဆောက် နိုင်ရေးကို အခြေခံမူအပေါ်တွင် ဆောင်ရွက်မည်ဖြစ်ပြီး ဖြစ်ပွားနေသော အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းသော နည်းလမ်းကို အသုံးပြုမည်ဟု သိရသည်။
မရာနယ်မြေလုံခြုံရေးအတွက် နယ်မြေကျူးကျော်မှုနှင့် ရန်လိုဗိုလ်ကျမှုကို တားဆီးကာကွယ်သွားမည်ဖြစ်ပြီး မရာလူမျိုးများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို နိုင်ငံရေးနည်းလမ်းဖြင့် အတတ်နိုင်ဆုံး ချဉ်းကပ်ဖြေရှင်းရန် ကြိုးပမ်းမည်ဟု ညီလာခံက ဆုံဖြတ်သည်။
မရာနယ်မြေအတွင်း ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများနှင့် ပြည်သူ့ကာကွယ်ရေး လုပ်ငန်းများကို မရာပဋိညာဉ်ပြဌာန်းချက်နှင့်အညီ မရာဒေသန္တရအစိုးရနှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ကို အပြည့်အဝအပ်နှင်းသည်ဟု ညီလာခံက ဆုံးဖြတ်သည်။
တတိယအကြိမ်မြောက်ညီလာခံတွင်လည်း MTC/ MDF အဖွဲ့သည် မရာမျိုးနွယ်စုကို ကိုယ်စားပြုသော တော်လှန်ရေးအဖွဲ့ အစည်းအဖြစ် အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
လက်ရှိနွေဦးတော်လှန်ရေးမှာ မရာချင်းမျိုးနွယ်စုတွင် ချင်းလဲန်းကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သော CDF – မရာ နှင့် ချင်းညီနောင်နှင့် ပူးပေါင်းဆောင်ရွက်သော MDF ဟူ၍ မရာလက်နက်ကိုင် ၂ဖွဲ့ရှိသည်။
ညီလာခံတွင် ချင်းပြည်ကောင်စီတပ်ပေါင်းစုကိုလည်း တော်လှန်ရေးလမ်းစဉ်နှင့် မညီမှုများကို ပြုလုပ်သည်ဟု ဆိုကာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။
လတ်တလော မရာဒေသတွင် ချင်းညီနောင်အဖွဲ့ဝင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့နှင့် ချင်းပြည်ကောင်စီအဖွဲ့ဝင် CDF – Lautu တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။