(006SV)
အရှိုချင်းကာကွယ်ရေးတပ် (ACDF) ၏ အခြေခံစစ်သင်တန်း အပတ်စဉ် ၆ သင်တန်းတွင် အရှိုချင်းအမျိုးသမီးရဲဘော် ၁၅ ရာခိုင်နှုန်း ပါဝင်တက်ရောက်ခဲ့သည်ဟု ACDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက ပြောသည်။
၂၀၂၅ ခုနှစ် ဇွန်လ ၁၀ ရက်တွင် အရှိုချင်းကာကွယ်ရေးတပ်၏ နောက်တန်းလေ့ကျင့်ရေးကွင်းမှာ အပတ်စဉ် ၆ သင်တန်းဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
“ဒီသင်တန်းမှာက မြန်မာနိုင်ငံ အနှံ့အပြားက လူငယ်တွေ တက်ရောက်ပါတယ်။ အမျိုးသမီးကတော့ ၁၅ ရာခိုင်နှုန်းတော့ ရှိမယ်။ အရှိုချင်းတိုင်းရင်းသားတွေပါပဲ ။ ကျနော်တို့ဆီကို ချိတ်ဆက်ပြီး ACDF ကို ဝင်လာကြတာပါ။ ကျနော်တို့ အရှိချင်း ကာကွယ်ရေးတပ် (ACDF) က ကျနော်တို့ သွားမဲ့လမ်းကို ဖြည်းဖြည်းမှန်မှန်နဲ့ သွားနေပါတယ်လို ပြည်သူတွေကို ပြောချင်ပါတယ်” ဟု ACDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက ပြောသည်။
အရှိုချင်းကာကွယ်ရေးတပ် – ACDF ၏ အပတ်စဉ် ၆ သင်တန်းတွင် အရှိုချင်းရဲဘော် ၈၀ ဝန်းကျင်း တက်ရောက်ခဲ့သည်ဟု ACDF ၏ ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်သော သတင်းဓါတ်ပုံများအရ သိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားကို အရှိုချင်းကာကွယ်ရေးတပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ACDF တပ်မှူးများနှင့် ဖိတ်ကြားထားသော မဟာမိတ်ကိုယ်စားလှယ်များ အသီးသီးတက်ရောက်ချီးမြှင့်သည်ဟု သိရသည်။
အရှိုချင်းကာကွယ်ရေးတပ်သည် မကွေးတိုင်းဒေသထဲက ဧရာဝတီမြစ်အနောက်ခြမ်းရှိ အရှိုချင်းဒေသများနှင့် ပဲခူးတိုင်းထဲက အရှိုချင်းဒေသများတွင် စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲဝင်လျက်ရှိသည်ဟု သိရသည်။