(006SV)
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ နှင့် သိုင်းငင်းကျေးရွာအနီးဝန်းကျင်ကို စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ၂ ရက်ဆက် ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။
ဇွန်လ ၂၂ ရက် ညနေ ၄ နာရီ ဝန်းကျင်က ခိုင်ကမ်းမြို့က ခိုင်ကမ်းဆင်စခန်းအနီးကို လေကြောင်းမှ ၁ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၁ ဦးလည်း ရှိခဲ့သည်ဟု သိရသည်။
ယမန်နေ့ ဇွန်လ ၂၃ ရက်ကလည်း တီးတိန်မြို့နယ်၊ သိုင်းငင်းရွာနှင့် တီးတိန်မြို့ကြားက အဓိက လမ်းမကြီးပေါ်ရှိ လေထန်ကုန်း ကြားစခန်းကို စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။
“ဟိုတနေ့က ကလေးမြို့ ဒကစကနေ တီးတိန်မြို့ ပတ်လမ်းလို့ ပြောရမလား၊ ဆင်စခန်းကို လေယာဉ်နဲ့ တခါလာပြီး ဗုံးကြဲတယ်။ အပြစ်မဲ့ ပြည်သူ တစ်ဦးတော့ သေဆုံးသွားတယ်။ ပြီးတော့ ကလေးနဲ့ တီးတိန်ကြားမှာ ရှိတဲ့ လေထန်ကုန်ကို လေယာဉ်နဲ့ ဗုံးကြဲတယ်။ အဲဒါ အထိအခိုက်အသေအပျောက်တော့ မကြားရသေးဘူး” ဟု ခိုင်ကမ်းမြို့မှ ဒေသခံတဦးက ပြောသည်။
ခိုင်ကမ်းဆင်စခန်းသည် ခိုင်ကမ်းမြို့အနီးနှင့် တီးတိန်မြို့ကြားတွင် တည်ရှိပြီး ကလေး- တီးတိန်လမ်းကို စစ်ရေးအခြေ အနေကြောင့် သွားလာခွင့် ပိတ်ထားသည့်အတွက် ဒေသခံများက ပတ်လမ်းတခုအနေဖြင့် အသုံးပြုသည်ဟု သိရသည်။
လေထန်ကုန်းသည် ကလေး-တီးတိန် ကားလမ်းမပေါ်က ကလေးမှ ချင်းတောင်ပေါ် တက်လာလျှင် သိုင်းငင်းအကျော်တွင် တည်ရှိသည့် ကြားစခန်းတစ်ခုဖြစ်သည်ဟု သိရသည်။
မေလ ၁၈ ရက်က ကလေးမြို့အခြေစိုက် ဒကစ မှ အင်အားအလုံးအရင်းဖြင့် ချင်းတောင်သို့ တက်လာသော စစ်ကောင်စီ စစ်ကြောင်းနှင့် ချင်းပူးပေါင်းတပ်တို့သည် မေလ ၂၁ ရက်မှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ လတ်တလောမှာ နှစ်ဖက်တပ်များ စစ်ဆိုင်ထားပြီး တိုက်ပွဲမဖြစ်ပွားသည်မှာ နှစ်ပတ်ခန့် ရှိနေသည်ဟု ဒေသခံတချို့ထံမှ သိရသည်။
လတ်တလောတွင် စစ်ကောင်စီတပ်များသည် မွှာလ်ပီးရွာ ဘုန်းကြီးကျောင်းတွင် ဆက်လက်တပ်စွဲနေကြောင်း၊ တချို့တပ်သည် ထေးဇန်ရွာအထိ ရောက်ရှိနေပြီဟုလည်း ဒေသခံတချို့က ပြောသည်။
ချင်းတောင်တက်လာသော စစ်ကောင်စီ စစ်ကြောင်းကို မွှာလ်ပီးရွာအနီးတွင် ချင်းလဲန်းကောင်စီနှင့် ချင်းညီနောင် ချင်းပူးပေါင်း တပ်က ပူးတွဲခုခံလျက်ရှိရာ အောင်မြင်မှုတချို့ ရရှိထားသည်ဟု ချင်းညီနောင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ဇွန်လ ၁၈ ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။
စစ်ကောင်စီတပ်သားများ အလင်းဝင်ခြင်းနှင့်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခြင်း ရှိကြောင်း ၊ စစ်ကောင်စီ စစ်ကြောင်း သည် မွှာလ်ပီးရွာကနေ ရှေ့ဆက်မတိုးလာသေးဘဲ ယခုရက်ပိုင်းတွင် ထိတွေ့တိုက်ပွဲ နည်းသွားသည်ဟု ကိုယောမာန်က ပြောထားသည်။
သို့သော် ကလေးမှ တက်လာသည့် စစ်ကောင်စီ၏ တပ်ရင်း ၆ ရင်းပါ စစ်ကြောင်းသည် သိုင်းငင်းမှာ ခြေကုတ် ယူလိုက်နိုင်ပြီး ကျန်သည့် အင်အားများက တီးတိန်မြို့ကို ရောက်ရှိသွားကြောင်း၊ နောက်ချန်တပ်သည် မွှာလ်ပီးရွာအနီးတွင် ချင်းပူးပေါင်းတပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ယနေ့ ဇွန်လ ၂၄ ရက်တွင် CDM ဗိုလ်ကြီးဇင်ယော်က အခိုင်အမာ ပြောသည်။
“အခြေအနေမှန်က မွှာလ်ပီးမှာ ထိတွေ့တိုက်ပွဲ ဖြစ်နေတာလည်း ရှိတယ်။ သိုင်းငင်းနားမှာ ရောက်နေတာလည်း ရှိတယ်။ တီးတိန်မြို့ထဲကို ဝင်သွားတဲ့ စစ်ကြောင်းတွေလည်း ရှိတယ်။ ရောက်တာလည်း မှန်တယ်၊၊ အခြေပြုဖို့ ပြင်ဆင်နေတာလည်း မှန်တယ်။ မွှာပီနားမှာလည်း တိုက်ပွဲ ဖြစ်နေတာလို့ ပြောလို့ရတယ်။ ဘာလို့လည်းဆိုတော့ စစ်တပ်က စစ်ကြောင်းချီပြီးဆိုရင် ရှေ့ပြေးတပ်၊ ပင်မတပ်၊ နောက်ချန်တပ် အဲလိုရှိတယ်။ ရှေ့ပြေးတပ်တွေက တီးတိန်ကို ရောက်သွားတယ်။ ပင်မတပ်က သိုင်းငင်းနားမှာ ခြေကုတ်ယူနိုင်ဖို့ ကြိုးစားနေသေးတယ်။ နောက်ချန်တပ်က မွှာပီမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်ဆိုတဲ့ သဘောပါပဲ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
တီးတိန်သို့ အင်အား ၇၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တွင် ဗိုလ် ၃ ဦး၊ စစ်သား ၁၅ ဦး သေဆုံးပြီး ဗိုလ် ၁ ဦး၊ စစ်သား ၁၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ တီးတိန်မြို့ကို ဇိုမီတော်လှန်ရေးတပ် – ZRA ၏ အကူအညီဖြင့် စစ်ကောင်စီ စစ်ကြောင်း ရောက်ရှိသွားသည်ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
စစ်ကောင်စီ၏ စစ်ကြောင်းများသည် သိုင်းငင်းနှင့် တီးတိန်မြို့ကို ရောက်ရှိသွားခြင်းများနှင့် ပတ်သက်၍ ချင်းညီနောင်တပ်ဖွဲ့ထံ အတည်ပြုနိုင်ရေးဆက်သွယ်မေးမြန်းခဲ့ရာ ယင်းဖြစ်စဉ်များသည် မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။
“သူတို့ (မွှာလ်းပီရွာ) ကနေ ရှေ့တိုးလာတာရှိတယ် ဒါပေမယ့် သိုင်းငင်းတော့မရောက်သေးဘူး။ မွှာလ်းပီးရွာ အကျော်က ရွာမှာ ထိတွေ့မှု အနည်းငယ် ရှိတယ်၊၊ သူတို့ သိုင်းငယ် မရောက်ပဲနဲ့ ဘယ်လိုလုပ် တီးတိန်ရောက်မှာလဲ၊၊ အခြေအနေက တလွဲစီပါ။ သူတို့ သိုင်းငင်းရောက်ဖို့တောင် တော်တော်ဝေးဝေး လိုပါသေးတယ်” ဟု ချင်းညီနောင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။
ကလေးမြို့မှ ချင်းတောင်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကြောင့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသော တီးတိန်ဒေသခံပြည်သူ ၁၃၀၀ ကျော်သည် အခြေခံစားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
တီးတိန်မြို့နယ် ကလေး- သိုင်းငင်းကားလမ်းပေါ်က မွှလ်မီး၊ ထေးဇန်၊ ဟိန်ဇိန်နှင့် ဗွန်ဆမ်ကျေးရွာက ဒေသခံပြည်သူ အားလုံး သည် နီးစပ်ရာကျေးရွာများ၊ တောင်ယာတဲများတွင် တစ်လကျော်ကြာ စစ်ဘေးရှောင်နေကြရသည်။
စစ်ဘေးရှောင်ထဲတွင် ကလေးငယ်က အများအပြား ပါဝင်ပြီး သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများလည်း ပါဝင်ပြီး အခြေခံစားနပ်ရိက္ခာများ၊ ဆေးဝါးများ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများနှင့် မိုးတွင်းကာလဖြစ်၍ အမိုးအကာများ လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။