(005MK)
မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက မြန်မာစစ်ဘေးရှောင်များထဲက ဥပဒေချိုးဖောက်သူများကို ပြင်းထန်စွာ အရေးသွားမည်ဟု ပြောဆိုလိုက်သည်။
ယနေ့ဇွန်လ ၂၆ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်သို့ရောက်ရှိလာသော အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၊ တွဲဖက် အတွင်းရေးမှူး Surinder Bhagat နှင့် သူ၏ ရုံးခန်းတွင် တွေ့ဆုံစဉ်မှာ မြန်မာစစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“မြန်မာစစ်ဘေးရှောင်တွေထဲမှာ ကောင်းကောင်းမွန်မွန်နဲ့လာရောက်ခိုလုံသူတွေလည်းရှိသလို တဖက်မှာလည်း သူတို့နိုင်ငံရေးအခြေအနေကိုအကြောင်းပြပြီး နယ်စပ်ဖြတ်ကျော် ဝင်ထွက်သွားလာပြီး မီဇိုရမ်ပြည်နယ်ရဲ့ တည်ဆဲ ဥပဒေတွေကို ချိုးဖောက်နေသူတွေလည်းရှိပါတယ်၊ ဒီလိုဥပဒေချိုးဖောက်နေသူတွေအပေါ်မှာ ပြင်းထန်စွာအရေးယူ သွားဖို့ရှိပါတယ်” ဟု မီဇိုရမ်ဝန်ကြီးချုပ်ကပြောသည်။
မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်ကျော်၍ မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်လာသူများကိုလည်း သူတို့ နေထိုင်စဉ် ကာလအတွင်း ၎င်းတို့၏ မြန်မာမှတ်ပုံတင်များအား သိမ်းဆည်းခြင်းများ လုပ်ဆောင်သင့်သည်ဟု ဝန်ကြီးချုပ်က ဆက်ပြောသည်။
ထို့အပြင် မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလုံနေကြသော မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်များကို လည်း လာမည့်ဇူလိုင်လတွင် စတင်ကောက်ယူသွားမည်ဟုပြောဆိုခဲ့သည်။
ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်လာကြသူ သုံးသောင်းကျော်ရှိသည်ဟုသိရသည်။