(004SS)
ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တစ်လကျော်ကြာ ပြိုကျပျက်စီးနေသော တီးတိန်မြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများကို ပြုပြင်လျက်ရှိနေသည်ဟု ZFU/ PDF – Zoland ထံမှ သိရသည်။
အိန္ဒိယ-မြန်မာနယ်စပ်မှ တီးတိန်မြို့နယ်ဘက် ဆက်သွယ်ရာလမ်းများဖြစ်သော Lentlang-Tuitawh၊ Suangzang-Kaptel၊ Kaptel-Saizang၊ Saizang-Tedim၊ Saizang-Vangteh နှင့် Vangteh-Phunum လမ်းပိုင်းများကိုလည်းကောင်း၊ တီးတိန် မြို့နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့ဘက်ဆက်သွယ်ရာ လက်ရှိအသုံးပြုနေသော Pimpih လမ်းပိုင်း Tuivial-Tuisau လမ်း ကြားရှိ ပြိုကျပျက်ဆီးမှုများကို ဒေသခံများနှင့် ညှိနှိုင်းကာ ပြုပြင်နေခြင်းဟု သိရသည်။
“ကားလမ်းကြတော့ တစ်ချို့နေရာမှာဆိုရင် လမ်းပါပြိုတဲ့နေရာရှိတယ်။ နောက်တစ်ချို့နေရာတွေက တောင်ကျရေ အရမ်းများနေလို့ ပျက်စီးတာတွေရှိတယ်။ ကျွန်တော်တို့ ပြင်ပြီးသား လမ်းတွေကတော့ ကားတွေ သွားလို့ရပြီ။ တစ်ချို့ မပြီးသေတဲ့ နေရာတွေကျတော့ လမ်းပြိုတော့မပြိုဘူး၊ ဒါပေမဲ့ အရမ်းချော်တယ်။ ကားတွေ ရုန်းလို့မရဘူး။ ပျက်စီး တာတော့ တစ်လကျော်နေပြီ ပြင်တာက နှစ်ပါတ်ရှိပါပြီ” ဟု ZFU/PDF- Zoland မှ တာဝန်ရှိသူ Ko Tony က ပြောသည်။
ပြည်သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ကျေးရွာအချာင်းချင်း ချိတ်ဆက်သွားလာနိုင်ရေးအတွက် ပျက်စီးနေသော လမ်းပိုင်းများကို JCB စက်များငှားရမ်းကာ ပြုပြင်နေသည်ဟု သိရသည်။
ကျေးရွာလမ်းများ ပျက်စီးနေမှုကြောင့် ကုန်စျေးနှုန်းများ တက်လာခြင်း၊ သာရေး-နာရေးကိစ္စ သွားလာရေး၊ တရွာနှင့်တရွာ ဆက်သွယ်သွားလာရေးပင် ပြတ်တောက်နေခဲ့သည်ဟု သိရသည်။
လက်ရှိတွင် ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ စီးပွားရေးအခက်အခဲကြုံတွေ့နေရသည့် အချိန် ဖြစ်သည့်အားလျော်စွာ လမ်းများပြုပြင်ရာတွင် ဒေသခံများထံမှ ငွေကြေးကောက်ခံခြင်း မပြုဘဲ၊ အလှူရှင်များ၏ ပံ့ပိုး ငွေဖြင့်သာ လုပ်ငန်းများ ဆောင်ရွက်နေကြောင်းလည်း Ko Tony ကပြောသည်။
ယခုနှစ်တွင် မိုးဦးကျ စောသည့်အတွက် လမ်းအခြေအနေများ ပိုမိုဆိုးရွားလာနိုင်သည်ကို စိုးရိမ်ရကြောင်း၊ ၎င်းတို့အနေဖြင့် လမ်းပြုပြင်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကာ၊ ပြည်သူများအနေဖြင့် ပံ့ပိုးလိုပါက ကူညီနိုင်ကြောင်း PDF-Zoland က တိုက်တွန်းထားသည်။