(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် ကျင့်သုံးမည့် သစ်တောမူဝါဒ (မူကြမ်း) ကို ရေးဆွဲနေပြီး မူဝါဒ အချောသတ် အတည်ပြုနိုင်ရေးအတွက် မင်းတပ်မြို့နယ်မှ ပြည်သူများအနေဖြင့် အကြံပြုချက်များ ပေးပို့နိုင်ရန် မင်တပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၂၆ ရက်က ထုတ်ပြန်သည်။

ဇွန်လ ၁၃ ရက် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအစည်းအဝေးတွင် မင်းတပ်- ပအဖ၊ သစ်တောဌာန ကိုယ်စား တက်ရောက်လာသော တွဲဖက်တာဝန်ခံက သစ်တောဌာနအနေဖြင့် ဌာန၏ လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေမှုကို ဆွေးနွေးတင်ပြပြီး သစ်တောဌာန၏ သစ်တောမူဝါဒ (မူကြမ်း)ကို ချပြသည်ဟု သိရသည်။

သစ်တောမူဝါဒ (မူကြမ်း) ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်ဖွဲ့/ ဌာန ဆိုင်ရာအကြီးအကဲများနှင့် မြို့/တိုက်နယ် အုပ်ချုပ်ရေးမှူးများက ယင်းအစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေး၊ ဖြည့်စွက်အတည်ပြုထားသည်ဟု သိရသည်။

အစည်းအဝေးက အတည်ပြုလိုက်သော သစ်တောမူဝါဒ (မူကြမ်း) ကို သစ်တောဌာနအနေဖြင့် မြို့/ တိုက်နယ်အဆင့်အထိ အဆင့်ဆင့် နယ်ဆင်းဟောပြော၊ ချပြဆွေးနွေးပြီး ပြည်သူလူထု၏ အကြံပြုချက်များ ရယူမှတ်သားပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအစည်းအဝေးတွင် အတည်ပြုမည်ဟု သိရသည်။
မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သစ်တောမူဝါဒ (မူကြမ်း) ကို ဖတ်ရှုပြီး မင်းတပ်- ပအဖရုံးသို့ဖြစ်စေ၊ မင်းတပ်-ပအဖ ၏ ဆိုရှယ်မီဒီယာစာမျက်နှာသို့ ဖြစ်စေ ဆွေးနွေးအကြံပြုချက်များ ပေးပို့နိုင်သည်ဟု မင်းတပ်ပအဖအဖွဲ့က အသိပေးကြေညာထားသည်။

မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်တကွ သက်ဆိုင်ရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးရုံးအဖွဲ့ဝင်များ၊ တပ်ဖွဲ့/ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့/တိုက်နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်သည်ဟု သိရသည်။