(004SS)
CDF-Hakha Central Council က ဟားခါးမြို့နယ်အတွင်း နေထိုင်သူ လူငယ်အမျိုးသားများ မြို့နယ်ပြင်ပသို့ မထွက်ခွာရန်နှင့် အရံတပ်ဖွဲ့သင်တန်းများ မဖြစ်မနေတက်ရောက်ရန် ဇူလိုင် ၃ ရက်တွင် အသိပေးချက် ထုတ်ပြန်သည်။
လူငယ်များအနေဖြင့် တော်လှန်ရေးတွင် ပါဝင်ချင်သည့် ဆန္ဒရှိကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပါဝင်နိုင်ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်သည်ဟု CDF-Hakha မှ တာဝန်ရှိသူက ပြောသည်။
“တော်လှန်ရေးမှာ လူငယ်တွေကတော့ တာဝန်သိစိတ်လည်းရှိပါတယ် သင်တန်းလည်း တက်ချင်ကြပါတယ်။ အချိန်ပြည့် တာဝန်လဲ ထမ်းဆောင်ချင်တဲ့သူတွေ အများကြီးပါ။ ဒါပေမဲ့ မိဘတွေက မပါစေချင်ဘူးပေါ့နော်။ အတင်းကို နိုင်ငံခြားကို သွားခိုက်လိုက် ကျောင်းကိုတက်ခိုင်းလိုက်နဲ့။ လူငယ်တွေကလည်း ပြောပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အခြေအနေ ကြည့်ပြီးတော့ ဟားခါးကနေ အပြင်ကိုထွက်ခွင့် အရင်ပိတ်လိုက်တာပါ” ဟု ၎င်းကပြောသည်။
ဇူလိုင်လ ၁ ရက်နေ့ကစ၍ ဟားခါးမြို့က လူငယ်အမျိုးသားများ မြို့နယ်ပြင်ပသို့ ထွက်ခွါခြင်းကို လုံးဝ တားမြစ်လိုက်ပြီး ထွက်ခွါရန်ကြိုးစားသူများကိုလည်း ဂိတ်မှ လှည့်ပြန်ခိုင်းမည်ဟု CDF-Hakha က ဆိုသည်။
ထို့နောက် လူငယ်အမျိုးသားမှန်သမျှ ဟားခါးမြို့နယ် အရံတပ်ဖွဲ့သင်တန်းတက်ရောက်ကြရန် ထုတ်ပြန်ထားပြီး ပြည်တွင်းနှင့် မီဇိုရမ်ပြည်နယ်ရောက် ဟားခါးလူငယ်များလည်း ဇူလိုင်လမကုန်မီ ပြန်လာကြရန်လည်း CDF- Hakha က အသိပေးထားသည်။
အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် ချွင်းချက်အနေဖြင့် ကျန်းမာရေးမကောင်းသူများကလွဲပြီး ကျန် ဟားခါးမြို့နယ်အတွင်း မွေးဖွားကြီးပြင်းသူများ၊ အိမ်ပိုင်ယာပိုင်ရှိသူများနှင့် လက်ရှိနေထိုင်နေသူ လူငယ်မှန်သမျှ တက်ရောက်ကြရမည်ဟု သိရသည်။
“ချွင်းချက်က အများကြီးထားရင်လဲ အဆင်မပြေပြန်ဘူး။ ကျန်းမာရေးကလုံးဝအဆင်မပြေဘူးဆိုရင်တော့ ဒါက ဆေးလက်မှတ်ရယ်၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး၊ ဒါမှမဟုတ် သင်းအုပ်ဆရာလားပေါ့နော် အာမခံပေးမဲ့သူရဲ့ အသိအမှတ် ပြုခြင်းနဲ့ပဲ ကျွန်တော်တို့ လက်ခံမှာ ဖြစ်တယ်။ မိသားစုအရေးတို့ဘာတို့ ဆိုရင်တော့ ဒီခေတ်မှာ ဘယ်သူမှ အဆင်ပြေ တဲ့မိသားစုဆိုတာမရှိဘူး။ တစ်ချို့ဆိုရင် သားအမိနှစ်ယောက်ထဲ မိခင်ကို ချန်ထားပြီး သားကဒီမှာပါဝင်တဲ့သူတွေရှိကြတာပဲ။ ဒါက အားလုံးရဲ့တာဝန်ဖြစ်လို့ပေါ့နော်” ဟု CDF- Hakha မှ တာဝန်ရှိသူက ပြောသည်။
ထို့အပြင် တော်လှန်ရေးကာလအတွင်း ဟားခါးမြို့နယ်မှ ပြည်ပသို့ထွက်ခွါသည့် လူငယ်အမျိုးသားများအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀၀၀ စီ ရန်ပုံငွေထည့်ဝင်ရန်လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“အားလုံးသိတဲ့အတိုင်းပါပဲ တော်လှန်ရေးဆိုတာက တစ်ဦးတစ်ယောက်ရဲ့ အကျိုးအတွက်မဟုတ်ဘူး၊ အားလုံးရဲ့ အကျိုးအတွက်ပါ။ အားလုံးမှာတာဝန်ရှိပါတယ်။ ဒါကြောင့် လူငယ်တွေ အကြောင်းအမျိုးမျိုးပြမယ် မိသားစုကိစ္စ ဘယ်လိုရှိတယ် အဆင်မပြေဘူးဆိုရင်တော့ လုပ်နိုင်တဲ့သူဘယ်သူမှရှိမှာမဟုတ်ဘူး။ အဲလိုသာဆိုရင် ကျွန်တော်တို့ စစ်ကျွန်ဘဝမှာပဲနေသွားဖို့ရှိတယ်။ အခုနောက်ဆုံးအဆင့်ရောက်နေပြီ။ အားလုံး ကိုယ့်အသိနဲ့ကိုယ် ဆက်ကပ်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ လူငယ်တွေက မဆက်ကပ်မချင်း ကျွန်တော်တို့ အရေးယူရတော့မှာပါ။ လူငယ်တွေကိုဖမ်းပြီး ထိန်းသိမ်းဖို့ပဲရှိမယ်ပေါ့နော်။ ဒါပေမဲ့ကျွန်တော်တို့ကတော့ ဖမ်းလည်းမဖမ်းချင်ဘူး။ ထိန်းလဲမထိန်းသိမ်းချင်ပါဘူး။ ဒါကြောင့် လူငယ်တွေကလည်း မိမိဆန္ဒနဲ့ပါဝင်ကြဖို့ ပြောချင်ပါတယ်” ဟု CDF- Hakha မှ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ကလည်း ဟားခါးမြို့နယ်အတွင်းရှိ လူငယ်များအားလုံး အခြေခံစစ်ပညာသင်တန်းတက်ရောက်ကြရန် CDF-Hakha က တိုက်တွန်းနိုးဆော်ခဲ့ပြီးဖြစ်ကာ လူငယ်အများအပြား စစ်သင်တန်းသို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။