(002MG)
စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ခမ်းပတ်မြို့တွင် ၂နှစ်နီးပါး ပိတ်ထားခဲ့သည့် (Ooredoo) အူရီဒူးဖုန်းလိုင်းများကို ဇူလိုင်လအတွင်း စစ်ကောင်စီက အချိန်ပိုင်းဖြင့် ပြန်လည်ဖွင့်ပေးကြောင်း သိရသည်။
ခမ်းပတ်မြို့ကအမျိုးသားတဦးက “အူရီဒူးကပဲပြန်ဖွင့်တယ်။အဲ့တာပဲဖုန်းပြောသုံးနေကြတာ။ ခမ်းပတ်အပြင် ကာနန်၊ တခြားနေရာတွေလဲ ဖုန်းခေါ်လို့ရပြီ။ အင်တာနက် ဒီဖက်မှာ စတားလင့်ပဲသုံးတာ။ မြို့တွင်းကတော့ ကောင်းပါတယ် ပုံမှန်အတိုင်းပဲ လည်ပတ်နေပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ကလေး-တမူး ကားလမ်းပေါ်တွင်တည်ရှိသော ခမ်းပတ်မြို့က စစ်ကောင်စီတပ်စခန်းများကို ပြည်သူ့ ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီသည် ဖုန်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။
ခမ်းပတ်မြို့ပေါ်တွင် ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်ခဲ့သည့် တနှစ်ကျော်အချိန်တွင် မြို့ခံပြည်သူများသည် အိန္ဒိယ Sim Card နှင့် Starlink (စတားလင့် (လ်) အင်တာနက်များကိုသာ အဓိကအားထားနေကြရပြီး အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကြောင်း ခမ်းပတ်ဒေသခံ အမျိုးသမီးတဦးက ပြောသည်။
”ဖုန်းလိုင်းကပြန်တော့ရပြီ ဖုန်းလိုင်းရတာ အိမ်မက်နေသလားလို့ ထင်နေတာလေ ။ ဒါပေမယ့် ဒီလိုမျိုးဆက်တိုက်ရ တာမျိုးမဟုတ်ဘူး ညနေပိုင်းပိတ်ရင် မနက်ပိုင်းရတယ်၊ တခါတလေ ရလိုက်မရလိုက်ပါပဲ အချိန်ပိုင်းပုံစံလိုမျိုးပဲ။ ဘာဖုန်းလိုင်းမှ မရတုန်းကဆို တော်တော်ခက်ခဲတယ်။ လိုင်းသုံးချင်ရင် ၁ နာရီ လောက်ဝေးတဲ့နေရာကိုသွားပြီး စတားလင့်သွား သုံးရတယ်၊အခုက ဒေတာမရရင်တောင်မှ ဖုန်းပြောလို့ရတော့ မရတာထက်စာရင်တော့ ကောင်းတယ်ပြောရမှာ” ဟု ၎င်းကပြောသည်။
လက်ရှိတွင် (Ooredoo) အူရီဒူးဖုန်းလိုင်းတစ်ခုသာ အသုံးပြုနိုင်ပြီး မိုဘိုင်းဒေတာ၊ Wifi အင်တာနက်နှင့် MPT၊ Atom ဖုန်းလိုင်းများကိုပါ ဆက်လက်ပိတ်ထားဆဲဖြစ်သည်။
ခမ်းပတ်မြို့သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ခဲ့ကြပြီး လက်ရှိအထိ တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားဆဲဖြစ်သည်။