(004SS)
ချင်းပြည် (Chinland) အစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သူနာပြုသင်တန်းကျောင်းအတွက် အတွေ့အကြုံ ရှိသော သင်ကြားရေးဝန်ထမ်း (၃) ဦးအတွက် အလုပ်ခေါ်ယူနေကြောင်း ယနေ့ထုတ်ပြန်သည်။
ချင်းပြည်နယ်တွင် ဆေးဘက်ပညာရှင်များလိုအပ်နေခြင်းအပေါ် တုံ့ပြန်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သူနာပြုသင်တန်းကျောင်းကို တည်ထောင်ခဲ့ခြင်းဖြစ်ကာ ယခုတွင် သင်တန်းသားများကို သင်ကြားပေးနိုင်သော အတွေ့အကြုံရှိ သူနာပြု ၃ ဦးခန့်အပ်ရန် ဖိတ်ခေါ်နေခြင်းဖြစ်သည်။
၁ နှစ်စာချုပ်ဖြင့် ခန့်အပ်မည်ဖြစ်ပြီး လိုအပ်ပါက တိုးမြှင့်နိုင်မည်ဖြစ်ကာ ဩဂုတ် ၈ ရက် ညနေ ၄:၀၀ အထိ လျှောက်ထားနိုင်ကြောင်း သိရသည်။
သူနာပြု Diploma သို့မဟုတ် Bachelor ဘွဲ့ရရှိသူ၊ သူနာပြုလက်မှတ်ရှိသူ၊ အနည်းဆုံး ၂ နှစ် ဆေးဘက်/သင်ကြားရေး အတွေ့အကြုံရှိသူနှင့် ပဋိပက္ခဒေသတွင် အလုပ်လုပ်ဖူးသူအား ဦးစားပေးမည်ဟု သိရသည်။
အလုပ်ခန့်အပ်ခံရသူသည် သင်တန်းအတွင်း သီအိုရီနှင့် လက်တွေ့သင်ကြားမှုများ ပြုလုပ်ခြင်း၊ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေးပစ္စည်းများ တည်ဆောက်ခြင်း၊ သင်တန်းသားများကို လေ့ကျင့်ပေးခြင်းနှင့် ကြီးကြပ်ခြင်း၊ ကျောင်းအုပ်၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ စာမေးပွဲများ၊ ဆန်းစစ်မှုများ ပြုလုပ်ခြင်း၊ သင်ကြားရေး အတွက် လုံခြုံသော ပတ်ဝန်းကျင် ဖန်တီးခြင်း၊ ဆေးရုံများတွင်လိုအပ်သလိုပါဝင်ကူညီဆောင်ရွက်ခြင်းတို့ လုပ်ဆောင်ရ မည်ဖြစ်သည်။
ကိုယ်ရေးအကျဉ်း၊ အလုပ်အပေါ်စိတ်ဝင်စားသည့်မိတ်ဆက်စာ၊ သူနာပြုလက်မှတ် မိတ္တူနှင့် ဆက်သွယ်ရမည့် ယခင် အလုပ်ရှင်၏ စာ ၂ စောင်တို့ကို dg@chinlandmohs.org နှင့် admin@chinlandmohs.org သို့ ပေးပို့ရမည်ဖြစ်ကာ ချင်းပြည်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဖုန်း: ၀၉-၇၈၉၀၁၂၃၄၅နှင့် အီးမေးလ်: info@chinlandmohs.org သို့လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။