(006SV)
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ အချင်းချင်းစစ်ရေးပဋိပက္ခတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) သည် ၎င်းတို့ဖမ်းဆီးထားသော စစ်ကောင်စီတပ်သားစစ်သုံ့ပန်းများကို လွတ်ငြိမ်းခွင့်ပေးမည်ဟု သဘောတူညီချက်ဖြင့် တိုက်ပွဲအတွင်း အသုံးပြုခဲ့သည်ဟု သိရသည်။
ဇူလိုင်လ ၂၂ ရက်က ချင်းပြည်ဒေသတွင်း သတင်းဌာနဖြစ်သော VOC နှင့် အင်တာဗျူးတွင် ချင်းအမျိုးသားတပ်ဦး (CNF/ CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောဆိုခြင်းဖြစ်သည်။
“အဓိက ဝမ်းနည်းစရာ ကောင်းတာက ဖလမ်းမြို့သိမ်းတုန်းက ထင်ပါတယ်။ (အကြမ်းဖက်) စစ်ကောင်စီတွေ သူတို့ ထိန်းသိမ်း ထားတဲ့ အဲဒီစစ်သုံ့ပန်းတွေကို အသုံးချတဲ့ ကိစ္စပါ။ ဒါကတော့ ဂျနီဗာကွန်ဗန်ရှင်းရဲ့ စစ်ဘက်ဆိုင်ရာလမ်းညွှန်မှုနဲ့လည်း မညီဘူး။ အဲလို လုပ်ရပ်တွေက လူတစ်ဦးချင်းစီးရဲ့ အနေအထားကို လူသားဖြစ်မှုကို မလေးစားဘူး။ သူတို့ကို မေးမြန်းမှုတွေ လုပ်တဲ့အခါမှာ အဲဒီရိခေါဒါရ်ကို သိမ်းပြီးပြီဆိုရင် ခင်ဗျာတို့ ကြိုက်တဲ့နေရာကို ပြန်လွှတ်ပေးမယ်လို့ ကတိတွေ ရှိထားတယ်လို့ ကျနော်တို့ ထိန်း သိမ်းထားတဲ့ စစ်သုံ့ပန်းတွေ ဆီကနေ သိရတယ်။ အဲလိုမျိုးတွေ သူတို့ စစ်ဆင်ရေးလုပ်တဲ့ ပုံစံက (အကြမ်းဖက်) စစ်ကောင်စီတွေလည်း သူတို့ အသုံးချတာရှိတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။
ထို့အပြင် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အခြေစိုက် ကူကီးလက်နက်ကိုင်တပ်ဖွဲ့တစ်ခုကိုလည်း CNO/CNDF က ချင်း အချင်း ချင်းကြားက စစ်ရေးပဋိပက္ခတွင် အသုံးပြုမှု ရှိခဲ့ပြီး အဆိုပါကူကီးလက်နက်ကိုင်တပ်ဖွဲ့ဝင် ၃ ဦးကိုလည်း ဖမ်းဆီးရမိသည်ဟု ဆလိုင်းထက်နီက ပြောသည်။
“သူတို့ ထိုးစစ်ဆင်တဲ့ ပုံစံက သူတို့ CNDF ပဲ မဟုတ်ပဲနဲ့ မဏိပူရ်ဘက်က ကူကီးအဖွဲ့လည်း ပါတယ်။ သူတို့ကိုလည်း ကျနော်တို့ ၃ ဦး ထိန်းသိမ်းထားတာရှိတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။
ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား စစ်ရေးပဋိပက္ခတွင် CNO/ CNDF က စစ်သုံ့ပန်းများကို အသုံးပြုမှုရှိသည်ဟု ပြောဆိုမှုအပေါ် CNO/ CNDF တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းနေသော်လည်း ဆက်သွယ်၍မရနိုင်သေးပေ။
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်၊ ဟွာလ်ငိုးရမ်းဒေသတွင် CNO/CNDF နှင့် HPO /CDF-Hualngoram တပ်ဖွဲ့တို့ကြား ဇူလိုင်လ ၂ ရက်တွင် ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၅ ရက်တွင် CDF-Hualngoram ထိန်းချုပ်ထားရာ အိန္ဒိယ- မြန်မာနယ်စပ်ရှိ ရိခေါဒါရ်မြို့ကို CNO/ CNDF က ထိန်းချုပ်လိုက်သည်။
ထို့နောက်ချင်းအမျိုးသားတပ်ဦး CNF/ CNA တပ်ဖွဲ့က CNO/CNDF စစ်ဌာနချုပ်စခန်းကို ပြန်လည်း သိမ်းပိုက်သည်ဟု သိရသည်။
ဇူလိုင်လ ၁၁ ရက်တွင် ရိခေါဒါရ်မြို့မှ CNO/ CNDF တပ်ဖွဲ့က ပြန်လည်ဆုတ်ခွာသွားပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့ အချင်း ချင်းကြားက စစ်ရေးပဋိပက္ခမှာ ပြန်လည်ပြေလျော့သွားခဲ့သည်၊ လက်ရှိမှာ CNA နှင့် CDF-Hualngoram က ပြန်လည်ထိန်း ချုပ်ထားကာ မြို့ခံပြည်သူများ ပြန်လည်နေထိုင်လျက်ရှိသည်ဟု သိရသည်။
HPO /CDF-Hualngoram ထိန်းချုပ်ထားသည့် ဟွာလ်ငိုရမ်းဒေသအတွင်းရှိ ရိခေါဒါရ်မြို့သည် အိန္ဒိယ- မြန်မာနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်းတည်ရှိရာဖြစ်ပြီး CNF/ CNA ၏ တပ်မဟာ – ၄ လည်း အခြေစိုက်ထားသည်ဟု သိရသည်။