(005MK)
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသား စစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်ကောက်ယူမှုကို ဇူလိုင်နောက်ဆုံးပတ်က ခရိုင်အသီးသီးမှာ စတင်ကောက်ယူနေပြီဟု သိရသည်။
မီဇိုရမ်ပြည်နယ်ထဲက Serchhip, Lunglei, Champhai, Saitual, Khawzawl, Aizawl, Lawngtlai, Mamit, Siaha, Kolasib နှင့် Hnahthial စသည့် ခရိုင် ၁၁ ခုတွင် နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်များကို ဇူလိုင်နောက်ဆုံးပတ်ကစ၍ မီဇိုရမ်ပြည်နယ်အစိုးရတာဝန်ရှိသူများ ကောက်ယူနေပြီဟု All India Radio News ကဖော်ပြသည်။
စစ်ဘေးရှောင်အများဆုံးနေထိုင်သည့် Champhai ခရိုင်ထဲမှာ ဇီဝအချက်အလက်ကောက်ယူမှု ဇူလိုင် ၃၀ ရက်နေ့မှာ စတင်ခဲ့ကြပြီး နည်းပညာပိုင်းနှင့် စက်ကိရိယာအခက်အခဲတချို့ကြောင့် အနည်းအကျဉ်းသာကောက်ယူနိုင်သေးသည်ဟု ဖော်ပြသည်။
Champhai ခရိုင်ထဲမှာ မြန်မာစစ်ဘေးရှောင် ၁၃၅၈၆ ဦးရှိသည်ဟု သိရသည်။
စစ်ဘေးရှောင် ဒုတိယအများဆုံးနေထိုင်သည့် Lawngtlai ခရိုင်ထဲမှာလည်း ဇီဝအချက်အလက်ကောက်ယူမှုကို ဇူလိုင် ၃၀ ရက်နေ့က Kannan Refugee Camp မှစတင်ခဲ့ကြပြီး လက်ရှိအချိန်ထိ လူဦးရေ ၁၅၀ ကျော်ကောက်ယူပြီးစီးပြီဟု ဖော်ပြထားသည်။
ယခုလက်ရှိ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသားစစ်ဘေးရှောင် ၃၂၅၀၄ ဦးရှိပြီး Champhai ခရိုင်ကအများဆုံးဖြစ်ကာ Lawngtlai နှင့် Siaha ခရိုင်တို့မှာ ဒုတိယအများဆုံးနေထိုင်ကြသည်ဟု All india Radio News ကဖော်ပြသည်။
ဇီဝအချက်အလက်ကောက်ယူရာမှာ အသက် ၂ နှစ်အထက်ရှိသူအားလုံးကို ကောက်ယူခြင်းဖြစ်ပြီး နာမည်၊ မိဘအမည်၊ အလုပ်အကိုင်၊ မြန်မာမှတ်ပုံတင်နံဘတ်၊ လက်ဗွေ၊ မျက်ကြည်လွှာ၊ ခန္ဓာကိုယ်အမှတ်အသား နှင့် ဓာတ်ပုံများရိုက်ယူ၍ ကောက်ယူခြင်းဖြစ်သည်ဟု သိရသည်။