ယခုရက်ပိုင်းတွင် စစ်အစိုးရအရာရှိနှင့် ဝန်ထမ်းတချို့ကို CDF က ဖမ်းဆီးမှု ရှိခဲ့ဟုဆို
(006SV)
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ဘုရားကျောင်းပြန်လာသူနှင့် လက်ဖက်ရည်ဆိုင်ထိုင်သူ မြိုခံလူငယ် ၄၀ ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ရာမှ ၈ ဦးကို ပြန်လွှတ်ပေးပြီး ကျန်လူငယ်များကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်ဟု ချင်းတော်လှန်ရေး အင်အားစုထံမှ သိရသည်။
ဩဂုတ်လ ၃ ရက် တနင်္ဂနွေနေ့လည်ပိုင်းက HBC ဘုရားကျောင်းမှ ပြန်လာသည့် လူငယ်လူရွယ်များနှင့် ဟားခါး – ဂန့်ဂေါလမ်းမရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် ထိုင်နေသော လူငယ်များ ၄၀ ဦးခန့်ကို စစ်ကော်မရှင်တပ်က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
“ဘာကြောင့် သူတို့ (စကစ) ဒီလိုလုပ်လည်း ဆိုတာ မသိဘူး။ သူတို့ (ဖမ်းဆီးခံ)က မြို့ထဲမှာ နေတဲ့ အရပ်သားပြည်သူတွေပဲ။ သူတို့က ဘာမှ တော်လှန်ရေးမှာလည်း ပါဝင်တာ မရှိဘူး။ အပြစ်မဲ့ ပြည်သူတွေကို ဒီလိုအထိန့်တလန့်ဖြစ်အောင်ပေါ့နော်။ လုံးဝကို မလုပ်သင့်တဲ့ဟာပေါ့နော်။ နောက်ပြီး တနင်္ဂနွေနေ့မှာ ဘုရားကျောင်းကနေ ပြန်လာတဲ့ လူတွေအတွက်လည်း တော်တော်လေး ဘာသာရေး လွတ်လပ်ခွင့်အတွက် ခြိမ်းခြောက်စရာ ဖြစ်တယ်။ တချို့က ဝေဖန်တာက သူတို့က စစ်မှုထမ်းဖို့များ စတင်ဆောင် ရွက်နေသလားလို့တော့ ပြောကြတာပဲ။ ကျနော်လည်း အသေးစိတ်တော့ မသိဘူး။ ဟားခါးမှာ စစ်မှုထမ်းဖို့ လူဖမ်းတာက မရှိသေးဘူး။ ဒီတခါ လုပ်ရပ်က ကျနော်တို့ နားမလည်ဘူးပေါ့နော်။ ဘာကြောင့် လုပ်တယ်ဆိုတာ၊ အဲဒါကြောင့် စစ်မှုထမ်းဖို့များ ဖြစ်မလာပေါ့နော်။ သူတို့ ရှေ့ဆက်ပြီး ဘာလုပ်မလဲဆိုတာ မသိဘူး” ဟု CDF – ဟားခါး၏ ဥက္ကဌက ပြောသည်။
ဖမ်းဆီးခံရမှုတွင် ကျောင်းသား ၇ ဦး၊ ကျမ်းစာကျောင်းတက်နေသူ ၂ ဦး၊ ဆေးရုံးဆင်းလာခါစ လူငယ် ၁ ဦး၊ ကလေးငယ်၃/၄ ဦးရှိသည့် အိမ်ထောင်သည် ၇ ဦး စသဖြင့် ဟားခါးမြို့ခံ လူငယ်လူရွယ် ၄၀ ဦး ပါဝင်သည်ဟု သိရသည်။
စစ်ကော်မရှင်တပ်သည် ကျောင်းသား ၇ ဦးနှင့် ဆေးရုံးဆင်းလာခါစ လူငယ် ၁ ဦး တို့ကို ပြန်လည်လွတ်ပေးခဲ့ပြီး ၃၂ ဦးကို ယနေ့အထိ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်ဟု သိရသည်။
ယခုရက်ပိုင်းတွင် ဟားခါးမြို့ပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကော်မရှင်၏ ချင်းပြည်အစိုးရအဖွဲ့မှ ဆောက်လုပ်ရေး ပြည်နယ်ဦးစီးမှူးနှင့် နတလ၊ လဝက စစ်အစိုးရဝန်ထမ်းတချို့ကို ဖမ်းဆီးမှု ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
CDF ဟားခါးဥက္ကဌထံ ပြည်နယ်ဦးစီးမှူး၊ နတလ၊ လဝက ဝန်ထမ်းတချို့ ဖမ်းခံရမှု အခြေအနေကို မေးမြန်းရာတွင် ၎င်းအနေဖြင့် မသိရှိသေးကြောင်း ဖြေကြားသည်။
CDF – ဟားခါး အထွေထွေအတွင်းရေးမှူးကတော့ ဆောက်လုပ်ရေး ပြည်နယ်ဦးစီးမှူးအပါအဝင် စစ်အစိုးရ ဝန်ထမ်းတချို့ကို ဖမ်းဆီးထားကြောင်း၊ ၎င်းတို့သည် စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ဆက်စပ်နေသည်ဟု မီဒီယာတချို့ထံ ဖြေကြားထားးသည်။
ချင်းတော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထားမှုတွင် ချင်းပြည်နယ်ဝန်ကြီး၏ သား ၁ ဦးလည်း ပါဝင်နေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ခိုနူမ်းသုန်အနေဖြင့် အတည်ပြုရန်ကြိုးစားနေဆဲဖြစ်သည်။
ဟားခါးမြို့ပေါ်က လူငယ်လူရွယ်များကို စစ်ကော်မရှင်တပ်က ရုတ်တရက် ဖမ်းဆီးမှုများသည် ချင်းတော်လှန်ရေး တပ်က ချင်းပြည်နယ်စစ်အစိုးရအရာရှိနှင့် ဝန်ထမ်းများကို ဖမ်းဆီးလိုက်မှုနှင့် ဆက်စပ်နေသည်ဟု ဒေသခံများက ပြောဆိုနေသည်။
ဩဂုတ်လ ၃ ရက် ည ၈ နာရီကျော်ခန့်မှာလည်း ပြည်တော်သာရပ်ကွက်၊ CB ဘဏ်အနီးက ဖြတ်သန်းနေသည့် စစ်တပ်နှင့် ရဲကားကို စီးကြိုတိုက်ခိုက်သည်ဟု သိရသည်။
“ဩဂုတ်လ ၃ ရက် ည ၈ နာရီလောက်မှာပဲ ထန်တလန်ဘက်ကနေ ပြန်လာတဲ့ ကားတွေ၊ ပြည်တော်သာရပ်ကွက်မှာ ပစ်တာပေါ့။ ကျနော်တို့က ထိခိုက်မှုက ဘယ်လောက်ရှိတယ်ဆိုတာ အသေးစိတ် မသိဘူးနော။ အကြာကြီး ပစ်ခတ်တာလည်း မဟုတ်ဘူး။ ချုံခိုတိုက်ခိုက်တဲ့ သဘောပါပဲ” ဟု CDF – ဟားခါး၏ ဥက္ကဌက ပြောသည်။
ထိုညမှာပင် မြို့ဟောင်းရပ်ကွက်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ နေအိမ်တစ်လုံးကို ထိမှန်ပြီး ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။
ဒဏ်ရာရရှိသူများတွင် ခရစ်ယာန်ပါစတာ ၁ ဦး၊ အသက် ၁၂ အရွယ် မိန်းကလေး ၁ ဦးနှင့် အသက် ၁၅ နှစ်အရွယ် ယောက်ျားလေး ၁ ဦးတို့ ဖြစ်ပြီး ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။