(002MG)
ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်တပ်က လူငယ်များ ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်နေပြီး တစ်ပတ်အတွင်း လူငယ် အယောက် ၅၀ ဝန်းကျင်ဖမ်းဆီးခံရကြောင်းသိရသည်။
စစ်တပ်ထိန်းချုပ်မှုအောက်တွင် ရှိနေသေးသည့် ဟားခါးမြို့ပေါ်တွင် ဩဂုတ်လဆန်းပိုင်းကစ၍ မြို့ပေါ်ကလူငယ်များကို စစ်တပ်ကပစ်မှတ်ထားဖမ်းဆီးမှုများပြုလုပ်လာနေပြီး အစုလိုက်ဖမ်းဆီးမှု အနည်းဆုံး ၂ ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဟားခါး မြို့ခံဒေသခံတစ်ဦးကပြောသည်။
“အဖမ်းအဆီးက အခုဆိုရင် ဒုတိယအကြိမ်ဖြစ်ပြီ။ ပထမအကြိမ်က အယောက် (၃၀) ကျော်လောက်ပါသွားတာပေါ့ လူငယ်တွေချည်းပဲ။ သူတို့ (စစ်တပ်) တွေက လမ်းမှာစောင့်ပြီးတော့ ဘုရား ကျောင်းအပြန်မှာ အဲ့လိုမျိုးဖမ်းတာ။ ပထမအကြိမ်ဖမ်းတုန်းကသူတွေထဲမှာ တချို့လူတွေက လွတ်တဲ့သူ တွေရှိ တယ်။ သူတို့က ကျောင်းတက်နေတဲ့သူတွေ ပေါ့။ အခုက ဘယ်လိုမှ ညှိလို့မရဘူး၊ ရပ်ကွက်လူကြီးတွေရော၊ ဘုရား ကျောင်းက အသင်းတော်ကလည်း အဆင်မပြေဘူး” ဟု ဟားခါးမြို့ကဒေသခံတစ်ဦးကပြောသည်။
ဟားခါးမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လ (၃) ရက် တနင်္ဂနွေနေ့လည်ပိုင်းက HBC ဘုရားကျောင်းမှ ပြန်လာသည့် လူငယ် များနှင့် ဟားခါး- ဂန့်ဂေါ လမ်းမရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ထိုင်နေသည့် လူငယ် (၄၀) ဦးခန့်ကို စစ်တပ်က ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသူများအနက် ကျောင်းသား (၇) ဦးနှင့် ဆေးရုံဆင်းလာခါစ လူငယ် (၁) ဦးတို့ကို ပြန်လည်လွတ်ပေးခဲ့သော်လည်း ကျန် (၃၀) ကျော်ကိုမူ ယနေ့ချိန်ထိဆက်လက်ဖမ်းဆီးထိန်းသိမ်းထားဆဲဟု သိရသည်။
အလားတူ ဩဂုတ်လ (၁၀) ရက် တနင်္ဂနွေနေ့ကလည်း ဟားခါးမြို့ပေါ်မှာ ဘုရားကျောင်းဆင်းပြီး ပြန်လာတဲ့ လူငယ် ၁၀ ယောက်ဝန်းကျင်ကို ပြည်တော်သာရပ်ကွက်၊ မြို့မဈေးနားမှာ စစ်တပ်က ထပ်မံဖမ်းဆီးခဲ့သည်ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။
“မိန်းကလေးတွေကိုတော့ မစစ်ဘူး၊ ယောကျ်ားလေးတွေကိုပဲစစ်ပြီးတော့ ဖမ်းတာ။ ဆိုင်ကယ်က အဲ့မှာထားခဲ့ရပြီး လူပဲ ခေါ် သွားတာ ညနေမှ ဆိုင်ကယ်ကို ကားနဲ့ လာသယ်ကြတာ။ ဟိုတခေါက်ဖမ်းတုန်းကလည်း ဘုရားကျောင်း ဆင်း တုန်း ဖမ်းတာ။ အခုက ပါစတာတွေကလည်း သွားတွေ့ ပါတယ်။ ပါစတာတွေလည်း ဘာမှလုပ်လို့မရဘူး ထင်တယ်။ စိတ်ပူနေကြတယ်” ဟု ဟားခါးမြို့ကပြောသည်။
ဟားခါးမြို့ပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့များက စစ်ကော်မရှင်၏ ချင်းပြည်အစိုးရအဖွဲ့မှ ဆောက်လုပ်ရေး ပြည်နယ် ဦးစီးမှူးနှင့် နတလ၊ လဝက စစ်အစိုးရဝန်ထမ်းတချို့ကို ဖမ်းဆီးမှု ရှိခဲ့သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် စစ်တပ်ဘက်ကလည်း မြို့ပေါ်က လူငယ်များ ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၇) ရက်နေ့ကလည်း ဟားခါးမြို့ပေါ် သီတာလမ်းခွဲတွင် ရဲတပ်ဖွဲ့နယ်ထိန်းကားတစ်စီး CDF-Hakha က တိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ပြီးနောက် ဟားခါးမြို့ပေါ်မှာ လုံခြုံရေးပိုမိုတင်းကြပ်ထား သည်ဟု သိရသည်။