(004SS)
အိန္ဒိယနိုင်ငံ၊ နယူးဒေလီတွင် ချင်းဒုက္ခသည်ကော်မတီ (CRC) ဦးဆောင်မှုဖြင့် တစ်လကြာ ဆင်နွှဲခဲ့သည့် ဒုက္ခသည်အခွင့် အရေးဆိုင်ရာ ဆန္ဒပြမှုအတွင်း ကူညီထောက်ပံ့ပေးခဲ့သော ဗီကပ်စ်ပူရီ ရဲစခန်းမှူးအား ကျေးဇူးတင်ကြောင်း CRC က လက်ဆောင်ပေးအပ်ခဲ့သည်။
ယမန်နေ့ ညနေ ၄ နာရီတွင် CRC ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က နယူးဒေလီမြို့ ဗီကပ်စ်ပူရီ ရဲစခန်းမှူး (SHOP) အား ချင်းရိုးရာဝတ်စုံ၊ ကျေးဇူးတင်လက်မှတ်နှင့် သစ်သီးဝလံများ ဂုဏ်ပြုပေးအပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာဒုက္ခသည်များသည် UNHCR နယူးဒေလီရုံးအပြင်ဘက်တွင် ၎င်းတို့၏ အခွင့်အရေးများအတွက် ဇူလိုင် ၇ ရက်မှ ဩဂုတ် ၇ ရက်အထိ တစ်လကြာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။
ဗီကပ်စ်ပူရီ ရဲစခန်းမှ ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြနေစဉ်အတွင်း လုံခြုံရေးအနှောက်အယှက် မပေးခဲ့သည့် အပြင် UNHCR အကြီးအကဲ Chief of Mission နှင့် တွေဆုံနိုင်ရန် ရဲစခန်းမှူးက ကြားဝင်ညှိနှိုင်းပေးခဲ့သည်ဟု CRC က ဆိုသည်။
ဆန္ဒပြ တစ်လပြည့်သည့် ဩဂုတ် ၇ ရက်က UNHCR, Chief of Mission နှင့် CRC ခေါင်းဆောင်များ အစည်းအဝေးပြု လုပ်ရန် စီစဉ်ထားသော်လည်း Chief of Mission မှ လုံခြုံရေးအကြောင်းပြကာ ဖျက်သိမ်းခဲ့သည်။ သို့သော် ရဲတပ်ဖွဲ့၏ ကြားဝင်ညှိနှိုင်းမှုဖြင့် နောက်ဆုံးတွင် တွေ့ဆုံဆွေးနွေးခွင့် ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ဩဂုတ်လ ၈ရက် မနက်ပိုင်းတွင် UNHCR, Chief of Mission ခေါင်းဆောင်သည့် တာဝန်ရှိသူများနှင့် CRC (OB) များသည် ၃ နာရီကြာ တွေ့ဆုံဆွေးနွေးပြီးနောက် နှောင့်နှေးကြန့်ကြာခဲ့သော Refugee Status Determination (RSD) အင်တာဗျူးများကို မြန်မာပြည်သားများအတွက် အမြန်ဆုံး အထူးလုပ်ဆောင်ပေးရန် Chief of Mission က ကတိပြုခဲ့ ကြောင်း CRC ထံမှ သိရသည်။
ထို့အပြင် မြန်မာဒုက္ခသည်များ၏ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးနှင့် တတိယနိုင်ငံအခြေချရေးကိစ္စများအတွက် လာမည့် အစည်းအဝေးတွင် အသေးစိတ်ဆက်လက်ဆွေးနွေးသွားရန် သဘောတူမှုရရှိခဲ့ကြောင်းလည်း သိရသည်။