(002MG)
စစ်ကော်မရှင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ဖော်ဆောင်နိုင်မည့်အစား ပဋိပက္ခများကို ပိုမိုနက်ရှိုင်းစေနိုင်သောကြောင့် ဆန့်ကျင်ကန့်ကွက်ကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) က ယနေ့ ဩဂုတ်လ (၁၉) ရက် ယနေ့ တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ကော်မရှင် နှင့် ၎င်းတို့၏အသိုင်းအဝိုင်းကိုသာ ကိုယ်စားပြုပြီး ပြည်သူ့ဆန္ဒအား အမှန်တကယ် ကိုယ်စားပြုနိုင်မည်မဟုတ်သောကြောင့် နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများ အနေဖြင့်လည်း အတုအယောင် ရွေးကောက်ပွဲအား လုံးဝလက်မခံဘဲ ဆန့်ကျင်ကန့်ကွက်ပေး ကြရန် နှင့် အသိအမှတ်မပြုကြရန် ကြားကာလ ချင်း အမျိုး သား အတိုင်ပင်ခံကောင်စီ (ICNCC) မှ ပန်ကြားထားသည်။
ထိုအတုအယောင် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်းသည် တရားဝင်အစိုးရ မဟုတ်သော စစ်အာ ဏာရှင်စနစ် အာဏာသက်ဆိုးရှည်ရန် ကူညီခြင်း၊ အပြစ်မဲ့ပြည်သူများအပေါ် ရက်စက်စွာသတ်ဖြတ် မှုများ ဆက်လက်ကျူးလွန်နိုင် ရန် အားပေးရာရောက်ပြီး စစ်ကော်မရှင် ကျူးလွန်သော ရာဇဝ တ်မှုများ တွင် ကိုယ်တိုင်ပါဝင်ကျူးလွန်နေသူ များ အဖြစ် ပြည်သူများ၏ သတ်မှတ်ခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကော်မရှင်သည် အာဏာသိမ်းသည့်နေ့မှစတင်ကာ အပြစ်မဲ့ပြည်သူများအား ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခြင်း၊ သောင်းနှင့်ချီ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ လူသားဒိုင်း (human shield) အဖြစ် အသုံးပြုခြင်း၊ လူနေအိမ်များ၊ ဘုရားကျောင်းများ မီးရှို့ဖျက်စီးခြင်း၊ စာသင်ကျောင်းများ၊ ကျေးရွာများ အပေါ်ဗုံးကြဲခြင်း၊ အတင်းအဓမ္မ စစ်သားစု ဆောင်းခြင်း စသော ရာဇဝတ်မှုများကို ယနေ့အထိ နေ့စဉ် ရက်ဆက် ကျူးလွန်နေကြောင်း ပြည်တွင်း ပြည်ပရှိ ပြည်သူများအားလုံး အသိပင်ဖြစ်ကာ ထိုမျှမက အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးနေရပြီး၊ အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရသူ သန်းချီရှိနေချိန်တွင် လွတ်လပ်စွာ မဲဆွယ်စည်းရုံးခြင်း၊ မဲပေးခြင်းများတွင် ဒီမိုကရေစီ စံနှုန်းနှင့် ကိုက်ညီသော ရွေးကောက်ပွဲမျိုး ဖြစ်အောင် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုများ လုံးဝရှိနိုင်မည် မဟုတ်ကြောင်း (ICNCC) က ထုတ်ပြန်ထားသည်။
မြန်မာ့ဒီမိုကရေစီအရေးကို ခေတ်အဆက်ဆက် ဖြိုခွဲဖျက်ဆီးခဲ့သော မတရားအာဏာသိမ်း စစ်တပ် သည် ယခုအချိန် တွင်လည်း ပြည်သူလူထု၏ ဆန္ဒသဘောထားကို လစ်လျူရှုကာ အတုအယောင်ရွေး ကောက်ပွဲကျင်းပရန် အမျိုးမျိုး ပြင်ဆင်နေကာ ယင်းအတုအယောင် ရွေးကောက်ပွဲသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မတရားအာဏာ သိမ်းမှုကို တရားဝင် ဖြစ်စေရန်၊ ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲရလဒ် နှင့် အရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၏ တရားဝင်မှု (legitimacy) ကို အတုအယောင် ရွေးကောက်ပွဲဖြင့် ဖျက်သိမ်း၍ ၎င်းတို့၏ တရားမဝင် အာဏာကို ဆက်လက် ဆုပ်ကိုင်နိုင်ရန် ရည်ရွယ်ကာ ကြံစည်ထားသည့် အတုအယောင် ရွေးကောက်ပွဲသာဖြစ်ပြီး အကြမ်းဖက် စစ်ကော်မရှင်သည် တရားဝင်အစိုးရ မဟုတ်သလို မည်သည့်ရွေးကောက်ပွဲကိုမဆိုပြုလုပ်ကျင်းပပိုင် ခွင့်လည်း လုံးဝမရှိကြောင်း ဖော်ပြထားသည်။
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီသည် ချင်းပြည်သူများ ကိုယ်ပိုင်ပြဌါန်း အုပ်ချုပ်ရေး ကိုအာမခံသည့် နိုင်ငံရေးစနစ်သစ်ကိုပုံဖော်ရင်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ထွန်းလာ စေရေးအတွက် ပိုမိုအားဖြည့် လုပ်ဆောင်နေသဖြင့် မိဘပြည်သူများအနေဖြင့် ဆက်လက် ပံ့ပိုးပေးကြ ပါရန်နှင့် မြန်မာပြည်သူတစ်ရပ်လုံးအနေဖြင့် ယင်းအတု အယောင် ရွေးကောက်ပွဲတွင် လုံးဝ ပူးပေါင်း ပါဝင်ခြင်းမပြုပဲ ဆန့်ကျင်ကန့် ကွက်ကြရန် အလေးအနက် တိုက်တွန်းထားကြောင်း ကြားကာလချင်း အမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ထုတ်ပြန်ထားသည်။