(004SS)
ချင်းပြည်နယ် ဟားခါးမြို့လယ်ခေါင်တွင် ယနေ့မနက်ပိုင်း ၁၁ နာရီခွဲဝန်းကျင်မှာ စစ်ကော်မရှင်တပ်ဖွဲ့က သေနတ်ပစ်ခတ်မှု ကြောင့် ကျောင်းသူ ၂ ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့မနက်ပိုင်း ၁၁ နာရီခွဲဝန်းကျင်တွင် ဟားခါးမြို့ပေါ် လမ်းစုံ၊ နာရီစင်အနီးတွင် သေနတ်ပစ်ခတ် ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးမှာ ဝမ်းဗိုက်တွင် သေနတ်ထိမှန်ပြီး အခြား အမျိုးသမီးငယ် ၂ ဦးမှာလည်း ခြေထောက်တွင် ထိမှန်ကြောင်း ဒေသခံများက ပြောသည်။
“ပစ်ခတ်တယ် ဆိုတာမှန်ပါတယ်။ ဘာကြောင့်ပစ်တာလဲတော့ ကျွန်တော်လဲ အတိအကျမသိသေးဘူး။ သူတို့(စစ်တပ်) ပစ် ခတ်လို့ အမျိုးသားတစ်ဦးကဗိုက်မှန်ပြီး ဆေးရုံပို့ကြတယ်။ အမျိုးသမီးငယ် ၂ ယောက်ကိုလဲ ခြေထောက်မှန်တယ်လို့ ကြားရတယ်။ သူတို့ကျတော့ ကျောင်းတက်နေတဲ့သူတွေလို့ သိရပါတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ကျောင်းသူ အမျိုးသမီးငယ် ၂ ဦးမှာ မစိုးရိမ်ရသော်လည်း ဗိုက်ထိမှန်သူအမျိုးသားတစ်ဦးမှာ စိုးရိမ်ရသည်ဟု သိရသည်။
စစ်ကော်မရှင်တပ် ပစ်ခတ်လို့ ဝမ်းဗိုက်ထိမှန်သူမှာ ဟားခါးမြို့ခံမဟုတ်ဘဲ Surngen ကျေးရွာဘက်မှ ဟားခါးသို့ လာရောက်သူဟု သိရသည်။
လက်ရှိဟားခါးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်သည် လုံခြုံရေးတင်းကြပ်ထားပြီး လမ်းသွားလမ်းလာများကို တင်းကြပ်စွာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။