ကလေးမြို့ မြောက်ပိုင်းဒေသကို စစ်ကြောင်းထိုးနေသော စစ်ကော်မရှင်တပ်ဖွဲ့များသည် ယနေ့တွင် ချင်းလူမျိုးများနေ ထိုင်သော လက်ပံချောင်းရွာကို ဝင်ရောက်ပြီး ရွာထိပ်ကနေအိမ်တချို့ကို မီးရှို့နေသည်ဟုသိရသည်။
စစ်ကော်မရှင်တပ်ဖွဲ့သည် ကလေး-ခမ်းပတ်-တမူးမြို့တို့ကို ဆက်သွယ်သော အာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ် ရန်အတွက် စစ်အင်အားအလုံးအရင်းဖြင့် ယင်းဒေသဘက်ကို စစ်ကြောင်းထိုးကာ အောက်တိုဘာ ၁၇ ရက်နေ့မှာ ရာဇဂြိုလ်ဆည်တည်ရှိရာ ရာဇဂြိုလ်မြို့ကို ဝင်ရောက်ခဲ့သည်။
ထို့နောက် ရာဇဂြိုလ်မြို့ကတဆင့် ပျဉ်းတောဦး-လက်ပံချောင်း-တာဟန်း လမ်းမကြီးအတိုင်း ပြန်လှည့်လာ၍ စစ်ကြောင်းထိုးလာရာမှာ လက်ပံချောင်းရွာကို ယနေ့အောက်တိုဘာ ၂၀ ရက်နေ့မနက်ပိုင်းမှာ ဝင်ရောက်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
“ဒီမနက်ပိုင်းမှာ လက်ပံချောင်းရွာကို ဝင်ရောက်လာကြတယ်၊ ရွာထိပ်ဘက်က နေအိမ်တချို့ကိုမီးရှို့ကြတယ်၊ ရွာသားတွေကတော့ အကုန်ထွက်ပြေးကြတာပေါ့ အခြေအနေအတိအကျမသိရဘူး၊ ရွာပြင်ကနေပဲ မီးခိုးတွေ လှမ်းမြင်ရတာ” ဟု လက်ပံချောင်းဒေသခံတစ်ဦးကပြောသည်။
လက်ပံချောင်းရွာသည် ကလေးမြို့မှ ၁၀ ခန့်ကွာဝေးပြီး အိမ်ခြေ ၃၀၀၀ ခန့်ရှိသော ရွာကြီးတစ်ရွာဖြစ်သည်။
စစ်ကော်မရှင်တပ်က ကလေးမြို့မြောက်ပိုင်းဒေသကို စစ်ကြောင်းထိုးလာသောကြောင့် ယင်းဒေသတဝိုက်မှာရှိသော ဒေသခံပြည်သူများသည် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြသည်။
ယခုလက်ရှိတွင် စစ်ကော်မရှင်တပ်ဖွဲ့များသည် ကလေး-ခမ်းပတ်-တမူးကားလမ်းမပေါ် ၅၆ မိုင်တွင်လည်း ရောက်ရှိ နေကြပြီး တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသော ခမ်းပတ်မြို့ဘက်ကို စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း သိရသည်။
ခမ်းပတ်မြို့အပါအဝင် ကလေး-ခမ်းပတ်-တမူးကားလမ်းမတစ်လျှောက်ပေါ်က ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရသည်။

