(006SV)
ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် မတူပီချင်းတော်လှန်ရေး အင်အားစုတစ်ခုဖြစ်သော MRO/ CDF – မတူပီသည် မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
Matupi Revolutionary Organization -MRO/ CDF – မတူပီသည် မတူပီ မြို့နယ်ပညာရေးဘုတ် အတွင်းရေးမှူးနှင့် ICNCC ၏ ပြည်နယ်ပညာရေးဘုတ်တွင် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဖြစ်သူ ဆရာမ New Happy ၊ မြို့နယ်ပညာရေးဘုတ်၏ ဘဏ္ဍာ ရေးမှူး ဆရာမအေးရွှေ နှင့် မြို့နယ်ပညာရေးဘုတ် သင်တန်းရေးမှူး ဆရာမ နိုမီတို့ကို အောက်တိုဘာလ ၁၅ ရက်က စတင် ဖမ်းဆီးထိန်းသိမ်းသည်ဟု သိရသည်။
“လက်ရှိ မြို့နယ်ပညာရေးဘုတ်အရာရှိ သုံးဦးက CNC – မတူပီကို ဆက်လက်ရပ်တည်ပေးပြီးတော့ MRO/ MCDO Matupi (Matupi Community Development Organization) က ကြီးမှုးရေးဆွဲတဲ့ မတူပီ ဒေသန္တရ အုပ်ချုပ်ရေး အခြေခံဥပဒေ မူကြမ်းကို မထောက်ခံတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ဒီအရာရှိတွေကို ဒီ MRO ခြေဥအောက်မှာပဲ လက်ရှိ မတူပီပညာရေးဘုတ်အဖွဲ့ကို MRO က ထားချင်တယ်။ ဒီခြေဥအောက်မှာ ပညာရေးဌာန လည်း ရေးဆွဲခြင်း မရှိသလို၊ စစ်ရေးအမြင် ရှိရမယ်ဆိုတဲ့ MRO ဥက္ကဌက အစိုးရအဖွဲ့အပြင်၊ ဥပဒေပြုရေး၊ ကာလုံ၊ ဥပဒေခုံရုံး၊ ဘဏ္ဏာရေး ကော်မရှင်၊ တိုက်နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် ဒေသန္တရအုပ်ချုပ်ရေး အားလုံးကို ကွက်ကဲရမှာအပြင်၊ ရပ်ကွက် ကျေးရွာ အဆင့်က တရားရေး တာဝန်ကို အုပ်ချုပ်ရေးမတဆင့် ဥက္ကဌက ထိန်းချုပ်မယ်ဆိုတဲ့ အချက်တွေကြောင့် MRO ခြေဥကို သူတို့က မထောက်ခံလို့ ဖမ်းတာပါ” ဟု ချင်းအမျိုးသားကောင်စီ – မတူပီ ပြန်ကြားရေးတာဝန်ခံ Pa Len Mawng က ပြောသည်။
မတူပီမြို့နယ်ပညာရေးဘုတ်ကို အသစ်ဖွဲ့ပြီး ICNCC ၊ NUG အစိုးရရဲ့ ပညာရေးဌာနတို့ကို ဆက်သွယ်ချိတ်ဆက်ကာ တရားဝင်မှု ရရှိရန် MRO/ CDF – မတူပီက ယခုကဲ့သို့ လုပ်ဆောင်မှုဖြစ်သည်ဟု သိရသည်။
MRO/ CDF – မတူပီကို မထောက်ခံသော လက်ရှိထိန်းသိမ်းခံထားရသော မြို့နယ်ပညာရေးဘုတ်အဖွဲ့ ၃ ဦးသည်လည်း ပုဒ်မအမျိုးမျိုး တပ်ခံရနိုင်သည်ဟု ချင်းအမျိုးသားကောင်စီ – မတူပီ ပြန်ကြားရေးတာဝန်ခံ Pa Len Mawng က ပြောသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ MRO/ CDF – မတူပီထံသို့ ဆက်သွယ်မေးမြန်းသော်လည်း မရရှိသေးပါ။
ထိန်းသိမ်းခံထားရသော မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင် ၃ ဦး၏ မိသားစုဝင်များသည် အကျိုးအကြောင်း သိရှိနိုင်ရန် တွေ့ဆုံခွင့် ရရန် သွားရောက်သော်လည်း MRO/ CDF – မတူပီက ခွင့်ပြုခြင်း မရှိကြောင်း CNC – မတူပီက ထုတ်ပြန်သည်။
ဖမ်းဆီးခံထားရသော ဆရာမများသည် အာဏာသိမ်းချိန်တွင် CDM ပြုလုပ်ကာ တော်လှန်ရေး အစဦးပိုင်းကတည်း ပါဝင်သူများဖြစ်ပြီး CDF – မတူပီကို စတင်တည်ထောင်သူများတွင်လည်း ပါဝင်သူများဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင်များအဖြစ် တာဝန်ယူထားပြီး CDF – မတူပီ အင်အားစုများ အဆင့်ဆင့် ပြိုကွဲလာချိန်တွင် CNC -မတူပီ အဖွဲ့ဝင်များအဖြစ် အာဏာရှင်တော်လှန်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်နေသူများဖြစ်သည်ဟု CNC – မတူပီထံမှ သိရသည်။
ယခုရပ်ပိုင်းအတွင်း မတူပီမြို့နယ်ထဲကို စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ပြုလုပ်လာနေပြီး အဆောက်အဦးများ ထိခိုက်ပျက်စီးကြောင်း၊ ပြည်သူများ ထိခိုက်မှု တချို့ ရှိသည်ဟု သတင်းထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပါ။
မတူပီမြို့နယ်တွင် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရနှင့် စစ်ရေး၊ နိုင်ငံရေ ပူးပေါင်းဆောင်ရွက်သော CDF – မတူပီရှိပြီး ICNCC ၊ ချင်းညီနောင်နှင့် နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်သော MRO/ CDF – မတူပီလည်း တည်ရှိကြောင်း၊ MRO/ CDF – မတူပီမှ ထွက်ပေါ်လာသော CNC -မတူပီ ဟူ၍လည်း တည်ရှိကြောင်း သိရသည်။

