(004SS)
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင် စစ်ကော် မရှင်တပ်မှ လေကြောင်းဖြင့် ဗုံး ၄ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၄ လုံး ထပ်မံပျက်စီးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
Ruan ကျေးရွာတွင် မည်သည့်တိုက်ပွဲဖြစ်ပွါးမှုမျှမရှိသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့များ တပ်စွဲ ထားခြင်းလည်းမရှိဘဲ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။
“Ruan Khua ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံး လေးကြိမ်ကြဲတာ နေအိမ်၄ လုံးပျက်စီးသွားတယ်။ လူကတော့ ထိခိုက်တာမရှိပါဘူး။ ရွာမှာ လူငယ် (CDF ) တွေလဲမရှိပါဘူး။ ဒါပေမဲ့ မြောက်ခရမ်းဘက်၊ ဟံသာဝတီ ဘက်မှာ တိုက်ပွဲရှိတော့ စစ်တပ်က သူတို့ လူငယ်တွေ ရှိမယ်ထင်တဲ့နေရာကို ရမ်းသမ်းကြဲတဲ့သဘောပါ။” ဟု အကြောင်းသိရှိသူ အမျိုးသား တစ်ဦးကပြောသည်။
Ruan ကျေးရွာသည် ဟားခါးမြို့မှ ၅၆ မိုင်ခန့် ကွာဝေးပြီး ကလေး-ဂန့်ဂေါဒေသရှိ ဟံသာဝတီ၊ မြောက်ခရမ်းဘက်နှင့် ဆက်သွယ်ရာတွင် ဆိုင်ကယ်ဖြင့် တစ်နာရီခန့်သာ မောင်းနှင်ရသည့် နေရာတွင်ရှိသည်။
အလားတူ၊ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက် ညကလည်း စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ကြောင့် Ruan ကျေးရွာက နေအိမ်တစ်လုံးနှင့် ဘုရားကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့သေးကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်လာခြင်းကြောင့် ရွာဒေသခံများသည် နေအိမ်စွန့်ခွာကာ အပြီးအပိုင် စစ်ဘေးရှောင်နိုင်ခြင်း မရှိသေးသော်လည်း လက်ရှိတွင် လေကြောင်းဗုံးကြဲမှုကြောင့် ၎င်းတို့၏ ရွာနှင့် နီးစပ်ရာ ရွာတွင်ပင် မနေရဲတော့ဘဲ တိမ်းရှောင်မှုများရှိနေကြောင်း သိရသည်။

