United States of Myanmar – USM ဟူသော မြန်မာနိုင်ငံသစ်ကို တည်ဆောက်မည်ဟု IPFD ကြေညာ
(006SV)
ဒေါက်တာဆာဆာ ဦးဆောင်ဖွဲ့စည်းသော Institute of Peace and Federal Democracy (IPFD)သည် လွတ်မြောက် နယ်မြေများတွင် ဒေသန္တရအုပ်ချုပ်ရေးနှင့် အောက်ခြေမှ အထက်သို့ တည်ဆောက်သော ဖက်ဒရယ်စနစ် (Bottom – up Federalism) ကို အားဖြည့် ဆောင်ရွက်ခြင်းအပါအဝင် ကဏ္ဍ ၃ ရပ်ကို အဓိကထား ဆောင်ရွက်မည့်ဟု ကြေညာသည်။
လက်ရှိတွင် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ အင်စတီကျူ (IPFD) ကို စတင်ဆောင်ရွက်သွားမည်ဖြစ်ရာ Bottom – Up ဖက်ဒရယ်စနစ် တည်ဆောက်ခြင်းကို အားဖြည့်ခြင်းအပါအဝင် မြန်မာပြည်သူအားလုံး၏ အသံကို ကမ္ဘာက ကြားသိစေရန် နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုများကို ချဲ့ထွင်မည်ဟု ဒီဇင်ဘာလ ၁ ရက်မှာ IPFD က ထုတ်ပြန်သည်။
မတူကွဲပြားမှုများနှင့် ယှဉ်တွဲနေထိုင်ခြင်းတို့ကို မြှင့်တင်ပေးပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှု စနစ်ကို ပံ့ပိုးကူညီခြင်းတို့ကိုလည်း လုပ်ဆောင်မည်ဟု သိရသည်။
IPFD ၏ အဓိက ရည်မှန်းချက်မှာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းကို အရှိန်မြင့် တင်ရန် ဖြစ်ပြီး အဖွဲ့၏ လုပ်ငန်းစဉ်များသည် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ သံတမန် ရေး၊ လူသားချင်း စာနာမှုနှင့် နိုင်ငံတကာ တည်ဆောက်ရေး ကြိုးပမ်းများကို ဖြည့်ဆည်းပေးကာ ပိုမိုအားကောင်းစေမည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ရှေ့ဆက်ရမည့် ခရီးလမ်းသည် ရှည်လျားကြမ်းတမ်းနိုင်သော်လည်း ညီညွတ်မှု၊ သတ္တိနှင့် ခိုင်မာသော စိတ်ဓါတ်ဖြင့် “မြန်မာနိုင်ငံသစ်” (New Myanmar) ကို တည်ဆောက်သွားမည်ဟု IPFD က ဆိုသည်။
ယင်းက ပြည်နယ်များအားလုံး တစ်စုတစ်စည်းတည်း ပေါင်းစပ်ထားသော “မြန်မာပြည်ထောင်စု သမ္မတနိုင်ငံတော်” United States of Myanmar – USM ဟူသော IPFD ၏ မျှော်မှန်းချက်ကိုလည်း အမြဲတစေ နိုကြားတက်ကြွစေမည် ဖြစ်သည်ဟု ကြေညာသည်။
၂၀၂၅ ဩဂုတ်လက NUG အစိုးရ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနကို ဖျက်သိမ်းတော့မည်ဟု ဝန်ကြီးဖြစ်သူ ဒေါက်တာ ဆာဆာကို တာဝန်ရှိသူများက အကြောင်းကြာခဲ့သည်ဟု သိရသည်။
ယင်းနောက် မြန်မာနိုင်ငံနှင့် ပြည်သူတို့ကို အားပေးထောက်ခံမှု ဆက်လက် ရရှိရေး၊ လူသားအရင်းအမြစ်နှင့် ဘဏ္ဍာရေး အရင်း အမြစ်များ ရရှိရေး မဟာဗျူဟာ မူဘောင်ကို ဦးတည်သော ပြည်သူအခြေခံ ပလက်ဖောင်းကို စတင်အကောင်အထည်ရာတွင် ၎င်း၏ အင်အားနှင့် အချိန်များကို အပြည့်အဝ မြှုပ်နှံသွားမည်ဟု ဒေါက်တာ ဆာဆာက ထုတ်ပြန်သည်။
လက်ရှိအချိန်သည် တစ်သံတည်း၊ တစ်စိတ်တည်း၊ အနာဂါတ်တစ်ခုတည်းဖြင့် လက်တွဲပြီး နိုင်ငံတစ်ဝှမ်း ကြီးမားသော ဒုက္ခ ဆင်းရဲမှု၊ သေဆုံး ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေလျက်ရှိသော အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရားမဝင် စစ်အုပ်စုကို ဆန့်ကျင်ရမည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
လာမည့် ရွေးကောက်ပွဲသည်လည်း တရားဝင်ရွေးကောက်ပွဲမဟုတ်ဘဲ ၎င်းတို့၏ ဆိုးဝါးစွာ ရာဇဝတ်မှုကျူးလွန်ပြီး အဓမ္မ အုပ်ချုပ်နေမှုကို တရားဝင်ဖြစ်လာစေရန် လိမ်လည်လှည့်ဖြားခြင်းသာဖြစ်သည်ဟု သိရသည်။

