စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့သို့ စစ်ကူအဖြစ်တက်လာသော စစ်ကော်မရှင်တပ် နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ယနေ့မနက်ပိုင်းမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကာ စစ်ကော်မရှင်တပ်ဘက်က အယောက် ၃၀ ကျော်သေဆုံးခဲ့သည်ဟု သိရသည်။
စစ်အင်အား ၃၀၀ ဝန်းကျင်ဖြင့် ဖလမ်းမြို့ကို ချီတက်လာသော စစ်ကော်မရှင်တပ်ဖွဲ့ကို သိုင်းငင်း-ဖလမ်းကြား ဇောင်လေးကျေးရွာအနီးတွင် ချင်းတော်လှန်ပူးပေါင်းတပ်ဖွဲ့က ယနေ့ဖေဖော်ဝါရီ ၃ ရက်မနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့များထံမှသိရသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကော်မရှင်တပ်ဖွဲ့ဘက်က ၃၆ ယောက်ခန့်သေဆုံးခဲ့ပြီး ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
ထို့အပြင် လက်နက်မျိုးစုံ ၃၀ ကျော် နှင့် ကျဉ်ဆံအမြောက်အများလည်း သိမ်းဆည်းရမိသည်ဟု သိရသည်။
စစ်ကော်မရှင်တပ်ဖွဲ့သည် ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်ရေးအတွက် ၂၀၂၅ ခုနှစ်နိုဝင်ဘာလဆန်းကတည်းက သိုင်းငင်း နှင့် ဝေဘူလ လမ်းကြောင်းမှတဆင့် စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်လာခဲ့သည်။
သို့သော်လည်း အဆိုပါ စစ်ကြောင်း ၂ ကြောင်းသည် ဖလမ်းမြို့နယ် Khuangli နှင့် Sumhrang ရွာအနီးတွင် ချင်းတော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက် ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ တန့်နေခဲ့ကြသည်။ ထို့ကြောင့် ကလေးမြို့ ဒေသကွက်ကဲရေးစစ်ဌာနချုပ်(ဒကစ) မှ စစ်ကူအင်အား ၃၀၀ ခန့် ဖလမ်းမြို့ကို ဇန်နဝါရီ ၂၀ ရက်နေ့က ထပ်မံ စေလွှတ် လာခဲ့ခြင်းဖြစ်သည်။

