(006SV)
ချင်းတစ်မျိုးသားလုံး၏ အနာဂါတ်နိုင်ငံရေး လမ်းကြောင်းသည် လက်ရှိအချိန်က လွန်စွာအရေးကြီးပြီး တသီးပုဂ္ဂလ ခံစားချက်၊ အဖွဲ့အစည်းစွဲ၊ လူမျိုးစွဲများကို ကျော်လွှားပြီး ချင်းပြည်ကို အတူတကွ ဘက်ပေါင်းစုံမှ တည်ဆောက်ကြရန် လိုအပ်နေကြောင်း ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA) က ထုတ်ပြန်သည်။
ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်မှာ ကျရောက်သည့် ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ချင်းပြည်သူ့အစည်းအရုံး / ချင်းပြည်သူ့ တပ်မတော် (CPU/ CPA) မှ ချင်းပြည်သူလူထုသို့ ပေးပို့သော သဝဏ်လွှာတွင် အသိပေးထားသည်။
လက်ရှိကာလသည် ချင်းအမျိုးသားတို့၏ အနာဂါတ်နိုင်ငံရေး လမ်းကြောင်းကို ချင်းတော်လှန်ရေးအဖွဲ့များကြား၊ အခြားတော် လှန်ရေး မဟာမိတ်များနှင့်အတူ အပြန်အလှန် အကျိုးပြုပြီး ချင်းပြည်သူလူထု၏ အကျိုးစီးပွားကို ရှေးရှု၍ ရွေးချယ် လျှောက် လှမ်းရမည့်အချိန်အခါ ဖြစ်ကြောင်း CPU/ CPA က ကြေညာသည်။
ချင်းတစ်မျိုးသားလုံး၏ အနာဂါတ် နိုင်ငံရေးလမ်းကြောင်းသည် ယခုအချိန်ထက် ပို၍အရေးကြီးသော အချိန်ရှိလိမ့်မည်မဟုတ်ကြောင်း ချင်းပြည်အစည်းအရုံးက သတိပေးထားသည်။
ယနေ့၏ သမိုင်းအချိုးအကွေ့တွင် မိမိတို့၏ တသီးပုဂ္ဂလ ခံစားချက်၊ အဖွဲ့အစည်းအစွဲ၊ ဝါဒအစွဲ၊ လူမျိုးအစွဲ၊ လူမျိုးရေး မုန်းတီးမှု များကို ကျော်လွှာပြီး ရေရှည် လုံခြုံမှုနှင့် အကျိုးစီးပွားကို အာမခံချက် ပေးနိုင်မည့် ချင်းပြည်ကို အတူတကွ ဘက်ပေါင်းစုံမှ တည်ဆောက်ကြရန် လိုအပ်လှပေးသည်ဟု ထုတ်ပြန်သည်။
၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ချင်းတစ်မျိုးသားလုံး၏ အနာဂါတ်ကို မည်သို့စုစည်း တည်ဆောက်ကြ မည်ဆိုသည်မှာ အင်မတန်အရေးကြီးသည့် မေးခွန်းတစ်ခုအဖြစ် ရှိနေသည်ဟု ချင်းပြည်သူ့အစည်းအရုံးက ဆိုသည်။
လက်ရှိအချိန်တွင် ချင်းအင်အားစုများသည် အတိတ်သမိုင်းကို အစစ်အမှန်အတိုင်း ပြန်လည်သုံးသပ်ပြီး ချင်းတစ်မျိုးသားလုံး၏ အနာဂါတ်အတွက် ပိုမိုလုံခြုံခိုင်ခံ့သော ချင်းအမျိုးသားရေးကို ပညာသတိ အမြော်အမြင် ကြီးစွာဖြင့် တည်ဆောက်ရမည့် အချိန်အခါကောင်းလည်း ဖြစ်သည်ဟု သိရသည်။
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ် ရှိလာချိန်တွင် ပြည်တွင်း၊ ပြည်ပရှိ ချင်းပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စစ်အာ ဏာရှင်ကို လက်တွဲတော်လှန်ရာတွင် အောင်မြင်မှု အသီးသီး ရရှိထားပြီဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
လွတ်လပ်ရေး၊ အမျိုးသားတန်းတူရေး၊ မိမိကြမ္မာ မိမိဖန်တီးရေးတို့အတွက် တော်လှန်သွေးသစ်လောင်းပြီး အားသစ်အင်သစ်ဖြင့် ချင်းတစ်မျိုးသားလုံး၊ တောင်တန်းမြေပြန့် စည်းလုံးညီညွတ်စွာဖြင့် အရေးတော်ပုံကြီး အောင်မြင်ပြီးဆုံးသည်အထိ ဦးလည်မသုန် တစိုက်မတ်မတ် ဆက်လက်တိုက်ပွဲဝင်မည်ဟု ချင်းပြည်သူ့အစည်းအရုံးက ထုတ်ပြန်သည်။

