(004SS)
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် Ramthlo ကျေးရွာတွင် ယနေ့ မတ်လ ၁၁ ရက်နေ့က လက်နက်ကြီးကျည်တစ်လုံး ပေါက်ကွဲမှုဖြစ်ပွါးပြီး ကလေးငယ်တစ်ဦး သေဆုံးကာ ကျန်တစ်ဦးမှာ ပြင်းထန်ဒါဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါလက်နက်ကြီးကျည်သည် ယခင်က စစ်ကော်မရှင်တပ်မှ ပစ်ခတ်ပြီး မပေါက်ကွဲဘဲ အချိန်အတော်ကြာ ကျန်ရှိ နေခဲ့သည့်ကျည်ဖြစ်ပြီး ကလေးငယ်နှစ်ဦးက တွေ့ရှိကာ ဆော့ကစားရာမှ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ခြင်းဟု သိရသည်။
“ဟုတ်တယ် သူတို့က ၂ ယောက် ပေါ့နော်၊ မပေါက်ကွဲသေးတဲ့ ဗုံးကို ပစ်ပေါက်လိုက်တော့ ပေါက်ကွဲပြီထိတာလို့ လော လောဆယ် အဲလိုပဲ ကြားသိရတယ်။ အဲမှာ တစ်ယောက်က နေရာမှာတင် ပွဲချင်းဆုံးသွားတယ်။ နောက်တစ်ယောက်ကတော့ ဟားခါးဆေးရုံ လာပို့တယ်၊ အကြောင်းစုံတော့ မသိရသေးဘူး။” ဟု ဟားခါးမြို့နေ Ramthlo ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ပေါက်ကွဲမှုကြောင့် အသက် (၁၁) နှစ်အရွယ် Johan Thawng Tha Thang မှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွား ခဲ့ပြီး အသက် (၈) နှစ်အရွယ် ကလေးငယ်မှာမူ ခြေထောက်တဖက် ပြတ်တောက်သွားသည့်အထိ ဒဏ်ရာပြင်းထန် ပြီး ဟားခါးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ဒေသများတွင် လက်နက်ကြီးကျည်နှင့် မပေါက်ကွဲသေးသည့် ခဲယမ်းများ ကျန်ရှိနေနိုင်သဖြင့် ဒေသခံပြည်သူများအနေဖြင့် ထူးဆန်းသော သံထည်ပစ္စည်းများအား ကိုင်တွယ်ခြင်း၊ ရွှေ့ပြောင်းခြင်းနှင့် ထုနှက်ခြင်းများ လုံးဝမပြုလုပ်ကြရန် အရေးကြီးသည်။

