(004SS)
အာဏာသိမ်းစစ်ကော်မရှင်လက်အောက်တွင် ကျင်းပသော ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့ မတ်လ ၁၁ နေ့တွင် နိုင်ငံတစ်ဝှမ်းလုံးမှာ စတင်ဖြေဆိုနေပြီဖြစ်ကာ ချင်းပြည်နယ်တွင် ဟားခါးမြို့နှင့် တီးတိန်မြို့တွင်သာ စာစစ်ဌာန ၂ ခုဖြင့် ကျင်းပနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံစာစစ်ဌာန၏ ထုတ်ပြန်ချက်အရ မတ်လ ၁၁ ရက်မှ ၁၇ ရက်နေ့ အထိကျင်းပသွားမည်ဖြစ်ပြီး ချင်းပြည်နယ်မှ အထက (၁) ဟားခါး နှင့် အထက (၁) တီးတိန် စာစစ်ဌာန ၂ တွင် စာရင်းပေးသွင်းသူ ကျောင်းသား/သူ ၉၁၅ဦး ရှိကြောင်း သိရသည်။
ယနေ့မြန်မာစာဖြေဆိုမည့် စာမေးပွဲ ပထမရက်တွင် ဟားခါးမြို့အတွင်းရှိ လမ်းဆုံလမ်းခွများတွင် စစ်ကော်မရှင်တပ်ဖွဲ့က လုံခြုံရေး အပြည့်ဖြင့် နေရာယူထားကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီနေ့စာမေးပွဲစဖြေပြီ အထက-၁ မှာ ပဲဖြေတယ်၊ အယောက် ၄၀၀ ကျော်လောက်ပဲရှိတယ်လို့သိရတယ်။ ဒီမနက်လမ်း လျှောက်သွားတာ လမ်းမကြီးရော၊ သီတာလမ်းခွဲ၊ ဆပ်တားလမ်းခွဲ၊ သစ်တောလမ်းခွဲစသဖြင့် စစ်သားတွေ၊ ရဲတွေ လုံခြုံရေးအပြည့်ပဲ။ ပြီးတော့ မနက်အစော ၇/၈ နာရီလောက် ကလဲ သေနတ်ပစ်ခတ်သံကြားတယ်။” ဟု ဟားခါးမြို့ ဒေသခံ အမျိုးသားတသစ်ဦးက ပြောသည်။
အထက (၁) ဟားခါးတွင် အစိုးရ အထက်တန်းကျောင်း ၄ ခု နှင့် ကိုယ်ပိုင် အထက်တန်းကျောင်း ၄ ခု မှ ကျောင်းတွင်း /ပြင်ပ ဖြေဆိုရန် စာရင်းပေးသွင်းသူ ၅၉၄ ဦး နှင့် အထက (၁) တီးတိန်တွင် အစိုးရ အထက်တန်းကျောင်း ၆ ခု မှ ကျောင်းတွင်း/ပြင်ပ ဖြေဆိုရန် စာရင်းပေးသွင်းသူ ၃၂၁ ဦး စုစုပေါင်း ၉၁၅ ဦးရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ပညာသင်နှစ်တွင် ချင်းပြည်နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူ ၅၅၆ ဦးအနက် ၄၀၈ ဦး ကသာ ဖြေဆိုခဲ့သည်။

