ဆေးဝါး၊ အမိုးအကာ အပါအဝင် အခြေခံစားနပ်ရိက္ခာအကူအညီများ အရေးပေါ် လိုအပ်နေ
(006SV)
အာဏာသိမ်းစစ်ကော်မရှင်တပ်၏ ထိုးစစ်ဆင်နေမှုကြောင့် ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံပြည်သူ ၃၀၀၀ ကျော်သည် ၄ လကျော်ကြာ အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA)ထံမှ သိရသည်။
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်တို့က ကလေး- သိုင်းငင်း၊ ကလေး- ဝေဘူလ လမ်းဘေး တစ် လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် အိန္ဒိယနိုင်ငံဘက်၊ ကလေးမြို့ဘက်အပါအဝင် တောတောင် များနှင့် စစ်ကြောင်း အလှမ်းဝေးသော ကျေးရွာများတွင် စစ်ဘေးတိမ်းရှောင်နေရသည်။
“အခုက ရွာပေါင်း ၅၀ ကျော်နေပြီ။ တချို့တဝက်က အိန္ဒိယ၊ မီဇိုရမ်ဘက်ကို တိမ်းရှောင်တဲ့ လူတွေ ရှိသလို ကလေးမြို့ဘက်ကို တိမ်းရှောင်တဲ့ လူတွေလည်း ရှိတယ်။ ဒါပေမယ့် ငွေကြေးမတတ်နိုင်တဲ့ လူတွေက တောထဲမှာပဲ အဆင်ပြေသလို တိမ်းရှောင် နေတာ တွေ့ရတယ်။ အခု စစ်ဘေးတိမ်းရှောင်လာတဲ့ ရွာတွေ အားလုံးက စကမ စစ်ကြောင်းထိုးလာတဲ့ လမ်းကြောင်းတလျှောက် မှာ ရှိတဲ့ ရွာတွေပါ။ တချို့ရွာတွေက စကမတွေ မရောက်ရှိသေး ပေမယ့်လည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခံရတဲ့ ရွာတွေ ဖြစ်တယ်။ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက် ခံရတဲ့ ရွာတွေ ဖြစ်တဲ့အခါမှာ ဘယ်သူမှ ရွာမှာ မနေရဲကြတော့တဲ့ အနေအထားပါ” ဟု ICA မှ ပြောရေးဆိုခွင့်ရှိသူ Salai Van Sui San က ပြောသည်။
၂၀၂၅ အောက်တိုဘာလ ၂၇ ရက်မှ စတင်၍ ကလေးမြို့မှ စစ်ကြောင်း ၂ ကြောင်း၊ တီးတိန်မြို့ပေါ်ရှိ တီးတိန်- ကလေး- ဖလမ်း လမ်းမကြီးမှ စစ်ကြောင်း ၁ ကြောင်းတို့ဖြင့် စစ်ကော်မရှင်သည် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ရာ တီးတိန်မှ ကျေးရွာ တချို့၊ ဖလမ်းမြို့နယ်မှ မြို့ပေါ်အပါအဝင် မြို့နယ်၏ ၈၅ ရာခိုင်နှုန်းသည် စစ်ဘေးရှောင်နေရ သည်ဟု သိရသည်။
စစ်ဘေးရှောင်ပြည်သူများအတွက် ဆေးဝါးပစ္စည်းများ၊ အခြေခံစားနပ်ရိက္ခာများ၊ အမိုးအကာများမှာ လုံလောက်မှု မရှိဘဲ အရေပေါ် အကူအညီများ လိုအပ်နေကြောင်း သိရသည်။
“လိုအပ်ချက်က အတော်လေများပါတယ်။ သူတို့ တောထဲမှာ နေရတဲ့အခါကြတော့ အမိုးအကာ လုံလောက်မှု မရှိဘူး။ တော်တော် များများက အိမ်ကနေ ဘာမှ သယ်မလာနိုင်တဲ့ အခြေအနေ ဖြစ်တဲ့အခါကြတော့ ခြုံစရာ စောင်နဲ့ အဝတ်အစားကအစ လိုအပ်ချက် မြင့်မားနေပါတယ်။ နောက်တချက်က ကျန်းမာရေး ကိစ္စ၊၊ ရာသီဥတု အလှည့်အပြောင်းမှာ သက်ကြီးပိုင်းနဲ့ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေက လိုအပ်ချက်တော်တော်လေ များနေတာလည်း တွေ့ရတယ်။ ဆေးဝါးပိုင်းမှာဆိုရင် ကလေးဘက်က သယ်လို့ မရဘူး။ အိန္ဒိယဘက်က သယ်ရင်လည်း ကုန်ကျစရိတ် အရမ်းမြင့်မားတဲ့အခါကြတော့ လိုအပ်ချက် တော်တော်မြင့် မာနေတယ်။ လုံလောက်မှု မရှိဘူး” ဟု ICA မှ ပြောရေးဆိုခွင့်ရှိသူ Salai Van Sui San က ပြောသည်။
ဖလမ်းမြို့နယ်တွင် မြို့ပေါ်အပါအဝင် ပါမွန်ချောင်း၊ မဲဟောလ်၊ တလောရ်ဇောန်၊ ချောင်းခွ၊ ဗားရ်၊ လုမ်သဲ၊ မွလ်ဇောလ်၊ ထုန်ထူလ်၊ ကြောင်ထဲ၊ ဝေဘူလ၊ လျန်ရိဒ်၊ လဲန်သဲ၊ ခီသမ်၊ ဗန်နီယမ်၊ မန်ခဲန်း၊ မွှန်လီ၊ ငိုင်ဇမ်၊ ဆုမ်ဟရန်း၊ ကြောင်ကွာ၊ သီးဖိရ်၊ ကြောင်ဟဲင်၊ စီဇာမွလ်၊ ဇောင်ကောင်၊ ထင်းရှုူးမြိုင်၊ လုံဟော့၊ လုမ်ဘန်း၊ ပါရ်သဲ ကျေးရွာတို့မှ ဒေသခံများ စစ်ဘေးရှောင်နေရသည်ဟု သိရသည်။
တီးတိန်မြို့နယ်တွင် ခိုင်ကမ်း၊ ဆွလိမ်၊ ဆဲဇန်၊ ထေးဇန်၊ အာ့လွေ၊ ဆိုဇန်၊ ဟရီယန်ဇိန်း၊ သိုင်းငင်းနှင့် မွလ်ပီးကျေးရွာတို့မှ ဒေသခံ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရသည်ဟု သိရသည်။
ဖလမ်းမြို့တိုက်ပွဲများအတွင်း ဒေသခံပြည်သူ ၁၅ ဦးထက်မနည်းလည်း သေဆုံးပြီး ၃၀ ကျော်မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ICA ထံမှ သိရသည်။
ဒေသခံပြည်သူတချို့သည် ကျောင်း၊ ဘုရားကျောင်း၊ ဆေးရုံးအနီး ပစ်ခတ်မှုများကြောင့် ထိခိုက်မှုများ ဖြစ်ပေါ် ခဲ့ကြောင်း၊ မြေမြှုပ်မိုင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့်လည်း ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာ များလည်း ရရှိနေသည်ဟု သိရသည်။
ဖလမ်းမြို့နယ်တွင် စစ်ရေးအရှိန်မြင့်တက်လာမှုနှင့်အတူ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှု အခြေအနေများ ပိုမိုဆိုးရွားလာနေကြောင်း ချင်းရေးရာအဖွဲ့ချုပ်က သတိပေး ထုတ်ပြန်သည်။

