(006SV)
မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော ချင်းကာကွယ်ရေးတပ်- အရှို မှ ရဲဘော် တစ်ဦးသည် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံးသွားကြောင်း သိရသည်။
မတ်လ ၁၆ ရက်က တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရင်း CDF – အရှိုမှ ရဲဘော် သိန်းဇော်မိုးသည် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုတွင် ကျဆုံးရခြင်းဖြစ်သည်ဟု မတ်လ ၁၇ ရက် နေ့စွဲဖြင့် CDF – အရှို့က ယနေ့မှာ ကြေညာသည်။
“လေကြောင်းတိုက်ခိုက်ခံရပြီး ကျဆုံးတာပါ၊၊ ဘယ်နေရာမှာ ကျတယ်၊ ဘယ်လိုကျတယ် စတဲ့ အသေးစိတ်တော့ မထုတ်ပြန်တော့ ပါဘူး။ လေကြောင်းတိုက်ခိုက်ပုံတွေက ရှုပ်ထွေးလိုပါ” ဟု CDF – အရှိုမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။
ရဲဘော် သိန်းဇော်မိုး ကျဆုံးမှုသည် CDF – အရှိုအတွက် အစားထိုးမရသော ဆုံးရှုံးမှုဖြစ်ပြီး ပေးအပ်ခဲ့သော တော်လှန်ရေး အသက်နှင့် ခန္ဓာစွန့်၍ တာဝန်ထမ်းဆောင်ခဲ့သောကြောင့် များစွာ ဂုဏ်ယူပါကြောင်း CDF – အရှိုက ထုတ်ပြန်သည်။
မတ်လ ၈ ရက်ကလည်း စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် CDF – အရှိုတပ်ဖွဲ့မှ ရဲဘော် ၂ ဦးတို့လည်း ကျဆုံးမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုတွင် CDF ရဲဘော် ဆလိုင်း မောင်မောင်ထွန်းနှင့် စုဆောင်းရေး ရဲဘော် မိုင်ရတနာတို့သည် တော်လှန်ရေးတာဝန်ကို ထမ်းဆောင်ရင်း ကျဆုံးရခြင်းဖြစ်သည်ဟု သိရသည်။
အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားနေသော ဒေသများ ပါဝင်နေသည့် မကွေးတိုင်းအနောက်ခြမ်း၊ နတ်ရေကန် ဗျူဟာနှင့် အမ်း- ပဒါန်းက စစ်မြေပြင်မှာ စစ်ကော်မရှင်တပ်များနှင့် ULA/AA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များ အကြား တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။
နတ်ရေကန်ဗျူဟာ အနီးက ကာကင်းဖြစ်သည့် ကြက်ခြံကုန်း ကာကင်းကို AA နှင့် ပူးပေါင်းတပ်များက မတ်လဆန်းမှာ ထပ်မံသိမ်း ပိုက်ခဲ့ပြီး စစ်ကော်မရှင်ဘက်ကလည်း လေကြောင်းနှင့် အသေခံဒရုန်းများ အများအပြား ပစ်ကူအသုံးပြုကာ ပဇီရွာနှင့် ဂုတ်ကြီးရွာ တကြောမှ နတ်ရေကန်ဗျူဟာကို မြေပြင်စစ်ကူပို့နိုင်ရေး ဆောင်ရွက်နေသည်ဟု သိရသည်။

