(006SV)
အာဏာသိမ်းစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲအလွန် ယနေ့ မတ်လ ၁၈ ရက် နေပြည်တော်မှာ စတင်ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ် အောင်လင်းဒွေးနှင့် ဒုဥက္ကဌအဖြစ် Jeng Phang နော်တောင်ကို တင်မြှောက်ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်ဥက္ကဌ ဖြစ်လာသူ အောင်လင်းဒွေးသည် အာဏာသိမ်း စစ်တပ်မှ အငြိမ်းစာ ဗိုလ်ချုပ်ကြီးဟောင်း၊ လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှာ အတွင်းရေးမှူးနှင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှာ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းနေသူ ဖြစ်သည်ဟု သိရသည်။
အောင်လင်းဒွေးသည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ မန္တလေးတိုင်းဒေသကြီး အချိုးကျ ကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ်အမှတ် ၃ မှ ရွေးကောက်ခံထားရသည်ဟု သိရသည်။
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်သည့် အောင်လင်းဒွေးသည် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ အဓိက လူယုံတစ်ဦးဖြစ်ပြီး တပ်မတော်နည်းပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်မှတ်တမ်းရုံး ညွှန်ချုပ်၊ စစ်ဥပဒေချုပ် တာဝန်များ ထမ်းဆောင်ခဲ့ကာ ဗိုလ်ချုပ်ကြီးဖြင့် အငြိမ်းစား ယူထားသည်ဟု သိရသည်။
အမျိုးသားလွှတ်တော် ဒုဥက္ကဌဖြစ်လာသူ Jeng Phang နော်တောင်သည် စစ်ကော်မရှင်အဖွဲ့ဝင်၊ လက်ရှိမှာ စစ်ကော်မရှင် အစိုးရအဖွဲ့၏ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့၏ ဝန်ကြီးတာဝန်ယူထားသူဖြစ်ကြောင်း သိရသည်။
Jeng Phang နော်တောင်သည် အလုပ်သင်ဗိုလ်လောင်းအပတ် ၅ သင်တန်းဆင်းဖြစ်ပြီး အငြိမ်းစား ဗိုလ်မှူးကြီး တစ်ဦးလည်းဖြစ်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်သည်ဟု သိရသည်။
ယနေ့ အမျိုးသားလွှတ်တော်တွင် မတင်မြှောက်မီ ရက်ပိုင်းအတွင်းမှာပင် ၎င်းတို့ နှစ်ဦးသည် ဥက္ကဌနှင့် ဒုဥက္ကဌ ဖြစ်လာမည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သည်။
အမျိုးသားလွတ်တော် ဥက္ကဌသည် ပြည်ထောင်စုလွှတ်တော်၏ ပထမနှစ်ဝက်တွင် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် ဦးဆောင်ရမည်ဖြစ်သည့်အတွက် သမ္မတ ရွေးချယ်မှုကို ဦးဆောင်ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီနှင့် ဒုဥက္ကဌအဖြစ် စစ်ကော်မရှင်အစိုးရအဖွဲ့၏ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းတို့ကို ပြီးခဲ့ရက်မတ်လ ၁၆ ရက် ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ – MOI၊ SAC ၊ CJ (အောင်လင်းဒွေးနှင့် Jeng Phang နော်တောင်၊ အောင်လင်းဒွေးအငြိမ်းစား မယူမှီ အာဏာသိမ်းခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့နှင့်အတူ တွေ့ရစဉ်)

