(004SS)
ချင်းပြည်(Chinland) အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် လစ်လပ်လျက်ရှိသော ဝန်ထမ်းရာထူးနေရာများတွင် အသစ်ခန့်အပ်ရန် ယနေ့ ဧပြီလ ၁ ရက်နေ့တွင် အလုပ်ခေါ် ယူစာ ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်အရ ရုံးအဖွဲ့မှူး (၁) နေရာ နှင့် ဝန်ထမ်း (၁) နေရာ စုစုပေါင်း ရာထူး (၂) နေရာအတွက် ခေါ်ယူခြင်း ဖြစ်ကြောင်း သိရသည်။
ရုံးအဖွဲ့မှူး ရာထူးအတွက် လျှောက်ထားသူများသည် ဘွဲ့ရရှိပြီးသူဖြစ်ရမည့်အပြင် ယခင်အစိုးရဌာနတစ်ခုခုတွင် ဒုတိယ ဦးစီးမှူးအဆင့်ဖြင့် အနည်းဆုံး (၂) နှစ် လုပ်သက်ရှိရန် လိုအပ်ကြောင်း သိရသည်။
ထို့အပြင် ကွန်ပျူတာကျွမ်းကျင်မှုရှိရမည့်အပြင် NGO/INGO များနှင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်စွမ်းရှိသူ ဖြစ်ရမည်ဟု ဖော်ပြထားသည်။
အလားတူ ဝန်ထမ်းရာထူးအတွက်လည်း ဘွဲ့ရရှိပြီးသူနှင့် ကွန်ပျူတာကျွမ်းကျင်သူများကို ခေါ်ယူထားပြီး၊ အထူးသဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူများကို ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက အသိပေးထားသည်။
သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံသူများအနေဖြင့် လာမည့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ပြီး ရာထူးနှစ်ခုလုံးသည် လုပ်ငန်းလိုအပ်ချက်အရ ခရီးသွားလာနိုင်သူများ ဖြစ်ရန်လည်း လိုအပ်ကြောင်း သိရသည်။

