(006SV)
ချင်းပြည်နယ်၊ မင်းတပ်မြို့ အရှေ့ခြမ်းနေရာများကို အာဏာသိမ်းစစ်တပ်က ယနေ့ မနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားကြောင်း သိရသည်။
မေလ ၈ ရက်၊ နံနက် ၇ နာရီခန့်က မင်းတပ်မြို့ အရှေ့ခြမ်းတစ်နေရာကို ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံး ၄ လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေ့လည် ၁၂ နာရီ ၄၄ မိနစ်ခန့်တွင်လည်း ဂျက်ဖိုက်တာတစ်စီးဖြင့် အဆိုပါနေရာများကိုပင် မီးလောင်ဗုံးအပါအဝင် ပေါက်ကွဲအား ပြင်းထန်သော ဗုံးများဖြင့် ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
“လဝက ရုံးနဲ့ အရှေ့ခြမ်းက နေရာတချို့ကို လေကြောင်းတိုက်ခိုက်သွားပါတယ်။ မနက်က နေရာတွေကိုပဲ အခုနေ့လယ်မှာ ထပ်ကြဲသွားတာပါ။ ထိခိုက်သေဆုံးတာလည်း ရှိတယ်။ ထိခိုက်ပျက်စီးမှုတွေလည်း ရှိနေတယ်လို့ပဲ ကနဦး ပြောလို့ ရပါတယ်။ ကျန်တာ မသိရသေးဘူးဗျ” ဟု မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတချို့သည် ထိခိုက်သေဆုံးမှု ရှိသည်ဟု သတင်း ရရှိထားသော်လည်း အသေးစိတ်အချက်များကို မသိရသေးပေ။ အဆောက်အဦးတချို့လည်း ထိခိုက်ပျက်စီးသည်ဟု သိရသည်။
ယခုရက်ပိုင်းများတွင် မင်းတပ်နှင့် ယောဒေသနယ်စပ်ဒေသများကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ခပ်စိပ်စိပ် ပြင်းပြင်းထန်ထန် ပြုလုပ်လာပြီး ကျောက်ထုနယ်ထဲတွင် စစ်တပ်သည် စစ်အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းကာ စစ်ရေးပြင်ဆင်လာနေကြောင်း သိရသည်။
ဒေသခံပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများ အဆင်သင့်ထားရှိပြီး လေကြောင်းသတိပြု နေထိုင်ရန်လည်း တော်လှန်ရေးအင်အားစုများက သတိပေးထုတ်ပြန်ထားသည်။
Photo- HKL Mindat

