နေအိမ်နှင့် ဌာနအဆောက်အဦး ၂၅ လုံး၊ ကား ၄ စီးပျက်စီး
(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်နှင့် မြို့အနီးနေရာများကို နှစ်ရက် ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ် ပြုလုပ်ခံခဲ့ရပြီး စစ်သုံ့ပန်းများအပါအဝင် သေဆုံးသူ ၄ ဦးအထိ ရှိကြောင်း ချင်းပြည်သူ့အစည်းအရုံးက ကြေညာသည်။
မေလ ၁၁ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က အာဏာသိမ်းစစ်တပ်က မင်းတပ်မြို့ပေါ်တစ်နေရာကို ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့သည်ဟု ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော်က ယနေ့ မေလ ၁၂ ရက်မှာ ထုတ်ပြန်သည်။
ယနေ့ မေလ ၁၂ ရက် မနက် ၈ နာရီခန့်မှာလည်း မင်းတပ်မြို့အနီးတစ်နေရာကို ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး မနက် ၁၁ နာရီခန့်တွင် မင်းတပ်မြို့ပေါ်ကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ထပ်မံ ပြုလုပ်သွားသည်ဟု သိရသည်။
ထို့အပြင် ယနေ့ ညနေ ၆ နာရီခွဲမှာလည်း မင်းတပ်မြို့ပေါ်ကို ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ထပ်မံ ပြုလုပ်သွားခဲ့သည်ဟု သိရသည်။
မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်များကို နှစ်ရက်တာအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ် ပြုလုပ်ခဲ့ရာ ဗုံးကြဲခံရမှုများတွင် စစ်သုံ့ပန်းများအပါအဝင် သေဆုံးသူ ၄ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူတချို့လည်း ရှိခဲ့သည်ဟု ချင်းပြည်သူ့အစည်းအရုံးထံမှ သိရသည်။
အရပ်သားပြည်သူနေအိမ် ၁၅ လုံးခန့်၊ အစိုးရဌာနအဆောက်အဦး ၁၀ ခု၊ မော်တော်ယာဉ် ၄ စီး၊ အခြားပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
လက်ရှိတွင် ဒေသခံပြည်သူများအနေဖြင့် လူစုလူဝေများ ရှောင်ရှားပြီး မိမိနေအိမ်၊ ဈေးဆိုင်များတွင် ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများ အဆင်သင့် ထားရှိပြီး ထောက်လှမ်းရေး ဒရုန်းများ၊ ကင်းထောင်လေယာဉ်များ၊ လေကြောင်းသတင်းများကို နားစွင့်၍ လေကြောင်းသတိပြု နေထိုင်ကြရန် အသိပေးနှိုးဆော်ထားသည်။
ဧပြီလ ၂၅ ရက်က ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က ပြန်လည်းသိမ်းပိုက်နိုင်ပြီးနောက် ချင်းတောင်ပိုင်း၊ မင်းတပ်မြို့နယ်နှင့် ယောဒေသအစပ်များကို လေကြောင်းတိုက်ခိုက်မှုများ ပိုမိုဖိအားပေး ပြုလုပ်လာပြီး ချင်း- မကွေးအစပ်တွင် စစ်ပြင်ဆင်မှုများ ရှိလာနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ရုပ်သံ – HKL Mindat

