(005MK)
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ကန်ပေါ့ပီ (Kangpokpi) ခရိုင်တွင် ချင်းအနွယ် ကူကီးခရစ်ယာန်ဘာသာရေးခေါင်းဆောင် ၃ ဦး သတ်ဖြတ်ခံရမှုအပေါ် မီဇိုရမ်ပြည်နယဝန်ကြီးချုပ်နှင့် မီဇိုရမ်ပြည်နယ် အသင်းတော်များကောင်စီက ပြင်းထန်စွာရှုတ်ချသည်။
မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက “ ကူကီး (Kuki) ခရစ်ယာန်အသင်းတော် ခေါင်းဆောင်တွေ ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုအပေါ် အလွန်အမင်း စိတ်မကောင်းဖြစ်ရသလို တုန်လှုပ်ချောက်ချားမိပါတယ်။
ဒီလို ရွံရှာဖွယ်ကောင်းတဲ့ အကြမ်းဖက်မှုမျိုးဟာ လုံးဝ လက်ခံနိုင်စရာမရှိသလို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချရမယ့် လုပ်ရပ်ဖြစ်ပါတယ်။ ကျန်ရစ်သူ မိသားစုဝင်၊ အသင်းတော်တွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရတယ်” ဟု ပြောသည်။
မီဇိုရမ်ပြည်နယ်က အသင်းတော်များကောင်စီ( Council of Churches in Mizoram-CCM) ကလည်း အဆိုပါဖြစ်ရပ် အပေါ် မိသားစုဝင်များနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲကြောင်း အကြမ်းဖက်သည့်လုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချသည်ဟု သတင်းထုတ်ပြန်သည်။
အဆိုပါဖြစ်ရပ်သည် ဒေသတွင်းမှာနေထိုင်ကြသော လူမျိုးအားလုံးအတွက် စိုးရိမ်ထိတ်လန့်မှု၊ နာကျင်ခံစားမှုဖြစ် စေပြီး၊ အရှေ့မြောက်ဒေသက ယုံကြည်သူခရစ်ယာန်ဘာသာဝင်များကလည်း ဝမ်းနည်းပူဆွေးနေကြသည်ဟု (Council of Churches in Mizoram-CCM) ကပြောသည်။
မဏိပူရ်ပြည်နယ်တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းမှုပြန်လည်ရရှိစေရေးအတွက် ခရစ်ယာန်ဘာသာဝင်များအားလုံး အနေဖြင့် ဆုတောင်းပေးကြရန်လည်း CCM ကတိုက်တွန်းသည်။
မဏီပူရ်ပြည်နယ်တွင် ယမန်နေ့ မေလ ၁၃ ရက်နေ့က Thadou Baptist Association (TBA) နှင့် United Baptist Council (UBC) တို့မှ ဘာသာရေးခေါင်းဆောင်များသည် ချူရာချန်ပူ (Churachandpur) မြို့မှ ကန်ပေါ့ပီ (Kang pokpi) ခရိုင်သို့ ဘာသာရေးအစည်းအဝေးတစ်ခုတက်ရောက်ရန် ကား ၂ စီး ဖြင့်သွားရောက်သည့်အချိန်မှာ ကန်ပေါ့ပီခရိုင်ထဲမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်ခံရမှုကြောင့် TBA ဥက္ကဋ္ဌ Rev Vumthang Sitlhou ၊ Rev Kaigoulun နှင့် Rev Paothang တို့ သေဆုံးခဲ့ပြီး ၄ ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။
ယခုတိုက်ခိုက်မှုကို နာဂလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော NSCN-IM အဖွဲ့ဝင်များနှင့် ZUF အဖွဲ့တို့က ပူး ပေါင်း ကြံစည်ခြင်းဖြစ်သည်ဟု အိန္ဒိယသတင်းဌာနတချို့မှာဖော်ပြကြသည်။

