ဗုံးဒဏ်ကြောင့် မွေးကင်းစ ၄ ရက်သား ကလေးငယ်အပါအဝင် ပြည်သူ ၂ ဦးသေဆုံး
(002MG)
ချင်းပူးပေါင်းတပ် ထိန်းချုပ်ထားသည့် ချင်းတောင်ပိုင်းကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေစဉ် ကန်ပက်လက် အပါအဝင် မြို့ ၃မြို့ကို ၁၀ ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂၅ ကြိမ်ပြုလုပ်ခဲ့ပြီး မွေးကင်းစ ကလေးငယ် အပါအဝင် ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
ကန်ပက်လက်၊ မတူပီ၊ မင်းတပ်မြို့များကို လေကြောင်းတိုက်ခိုက်မှုများတွင် ဒေသခံပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိနေသကဲ့သို့ လူနေအိမ်များ၊ ဆိုင်ခန်းများနှင့် အစိုးရ အဆောက်အဦး အများအပြား ပျက်စီးဆုံးရှုံးရသည်ဟု ချင်းပြည်သူ့ အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/ CPA) က မေလ ၁၃ ရက်မှာ ထုတ်ပြန်သည်။
မေလ (၁၃) ရက်နေ့တွင် မင်းတပ်မြို့အား ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ်၊ မေလ (၁၄) ရက်နေ့ ညနေပိုင်းတွင် မင်းတပ်မြို့အနီးတွင် (၂) ကြိမ်၊ မေလ (၁၆) ရက်နေ့ ညနေပိုင်းတွင် ကန်ပက်လက်မြို့အား လေ ကြောင်းတိုက်ခိုက်မှု (၁) ကြိမ်နှင့် မေလ (၁၈) ရက်နေ့တွင် မင်းတပ်မြို့အား (၁) ကြိမ် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
စစ်ကော်မရှင်သည် မေလ (၁၉) ရက်နေ့တွင် မတူပီမြို့အား လေကြောင်းတိုက် ခိုက်မှု (၂) ကြိမ်ပြုလုပ်ခဲ့ပြီး လေ ကြောင်းတိုက်ခိုက်မှု ပေါက်ကွဲသံနှင့်တုန်ခါမှုများ ကြောင့် မွေးကင်းစ (၄) ရက် သား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည်။
မေလ (၂၀) ရက်နေ့တွင် မင်းတပ်မြို့ပေါ်ရှိ စာသင်ကျောင်းတစ်ကျောင်းအားလေ ကြောင်းဖြင့်တိုက်ခိုက်မှု (၂) ကြိမ်ပြု လုပ်ခဲ့ပြီး မေလ (၂၁) ရက်နေ့တွင် ကန်ပက်လက်မြို့အား လေကြောင်း တိုက် ခိုက်မှု (၄) ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။
မေလ (၂၂) နေ့တွင်လည်း ကန်ပက်လက်မြို့ကို မနက်ပိုင်း ၂ နာရီခန့်မှာ (၄) ကြိမ် အပြင် မနက် ၉ နာရီခွဲမှာ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ထပ်မံပြုလုပ်ခဲ့ပြီး မေလ (၂၂) တွင်လည်း မင်းတပ်မြို့ကို ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှုပြု ၄ ကြိမ် ပြုလုပ်ခဲ့သည်။
ချင်းပြည်နယ်တောင်ပိုင်းရှိ မတူပီ၊ မင်းတပ်၊ ကန်ပက်လက် မြို့များအား ၂၀၂၆ ခုနှစ် မေလ (၁၃) ရက်နေ့မှစ၍ မေလ (၂၂) ရက်နေ့အထိ (၁၀) ရက်တာအ တွင်း ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက် ခိုက်မှု စုစုပေါင်း (၂၅) ကြိမ် ပြု လုပ်ခဲ့ခြင်းပြီး လူနေအိမ်များ၊ ဆိုင်ခန်းများနှင့် အစိုးရအဆောက်အဦ အများအပြား ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် ပြည်သူများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု CPU/ CPA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့် မေလ (၁၁)၊ (၁၂) ရက်နေ့များတွင်လည်း မင်းတပ်မြို့အား လေကြောင်း တိုက်ခိုက်မှု (၁၁) ကြိမ်တိတိ ပြုလုပ်ခဲ့သေးသည်ဟု သိရသည်။
မကွေး၊ ယောဒေသမှတဆင့် စစ်ဆင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းလျက် အင်အားအလုံးအရင်းဖြင့် ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်နေရာ ကန်ပက်လက်မြို့အနီးတွင် ချင်းပူးပေါင်းတပ်နှင့် စစ်တပ်တို့ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရသည်။
လက်ရှိအချိန်အတောတွင်း ပြည်သူများအနေဖြင့်လူစုလူဝေးများရှောင်ရှားကာ မိမိတို့နေအိမ်၊ ဈေးဆိုင် များတွင် ဗုံးခို ကျင်းများ၊ ကတုတ်ကျင်းများ အဆင် သင့်ထားရှိပြီး ထောက်လှမ်းရေး ဒရုန်းများ၊ ကင်းထောက်လေယာဉ်များ၊ လေကြောင်းသတင်းများကို အချိန်နှင့်အမျှ နားစွင့်ကာ လေကြောင်းသတိပြု နေထိုင်ကြပါရန် ချင်းပြည်သူ့အစည်း အရုံးအနေဖြင့် တိုက်တွန်းနှိုးဆော် ထားပါသည်။

