တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်တပ်တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေမှုမှာ ၁၀ ရက်ခန့်ရှိပြီဟုဆို
(006SV)
ချင်းတောင်ပိုင်း မြို့များနှင့် ချင်း- မကွေးအစပ်ရှိ ယောဒေသနှင့် ပုံတောင်ပုံညာဒေသတို့ကို စစ်တပ်၏ ထိုးစစ်ဆင်မှု အား ခုခံတွန်းလှန်ရမည့် စစ်ဆင်ရေးများတွင် ရန်ပုံငွေ ကျပ်သိန်းသောင်းချီ လိုအပ်နိုင်၍ ကူညီထောက်ပံ့၊ ထည့်ဝင်ကြရန် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့ တပ်မတော် (CPU/ CPA) က တိုက်တွန်းနှိုးဆော်သည်။
CDF အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား ချင်းတောင်ပိုင်း၊ ယောဒေသနှင့် ပုံတောင်ပုံညာနေရာတို့မှာ စစ်မျက်နှာဖွင့်ထားရပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၁၀ ရက်ဝန်းကျင် ရှိပြီဟု CPU/ CPA ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ယနေ့မှာ လူမှုကွန်ယက်မှတဆင့် ရေးသားပြောဆိုသည်။
“CPU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက် မြို့တွေက အရပ်ဘက်၊ စစ်ဘက် ပစ်မှတ်တွေကို စကမ အနေနဲ့ မနားတမ်း လေကြောင်းတိုက်ခိုက်မှုလုပ်နေတာတွေကို ကြည့်ရင်လည်း မြေပြင်တိုက်ပွဲတွေ ဘယ်လောက် ပြင်းထန်နေတယ်ဆိုတာ သိနိုင်ပါတယ်” ဟု ကိုယောမာန်က ပြောသည်။
လက်ရှိတွင် အင်အား ၁၀၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များကို ရှေ့ဆက် မတိုးနိုင်အောင် တားဆီးထားနိုင်သော်လည်း စစ်တပ်သည် နောက်ထပ် စစ်ကူအင်အား ၁၀၀၀ ကျော်ကို ထပ်မံ ဖြည့်တင်းရန် ပြင်ဆင်နေသည့်အတွက် ခုခံတွန်းလှန်းရမည့် စစ်ဆင်ရေးမှာ ကြာရှည်၊ ပြင်းထန်မည့် အခြေအနေဖြစ်နေသည်ဟု သိရသည်။
ချင်းတောင်ပိုင်းနှင့် ချင်း- မကွေးအစပ်တို့က လက်ရှိစစ်ဆင်ရေး ကုန်ကျစရိတ် ပဏာမ လျာထားချက်မှာ သိန်းသောင်းချီ ရှိနိုင်သည်ဟု CPU/ CPA ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။
ပြည်တွင်းပြည်ပ ပြည်သူများထံမှ ရရှိလာသော ထောက်ပံ့ကူညီငွေများကို ရှေ့တန်းစစ်မြေပြင်မှာ အလိုအပ်ဆုံး အရာများ ကူညီဖြည့်တင်းရန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်မည်ဟု သိရသည်။
တော်လှန်ရေး ရဲဘော်များ ဆေးဝါးကုသရန် လိုအပ်လာမည့် အရာများ ဝယ်ယူဖြည့်တင်းရာတွင်လည်း အသုံးပြုမည်ဖြစ်ပြီး အလှူငွေများကို NUG Pay၊ SDB တို့ဖြင့် အဓိက လက်ခံမည်ဖြစ်သကဲ့သို့ တာဝန်ရှိသူများထံ ဆက်သွယ်စုံစမ်းနိုင်သည်ဟု သိရသည်။
ဂုဏ်ပြုမှတ်တမ်း လိုအပ်သူများကိုလည်း ဂုဏ်ပြုမှတ်တမ်းများ ထုတ်ပေးသွားမည်ဖြစ်ပြီး အလှူငွေများကို သက်ဆိုင်ရာအဖွဲ့အစည်းက စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း၊ အလှူလက်ခံ ရရှိမှုနှင့် ရှေ့တန်းကို ပံ့ပိုးသော ပစ္စည်းများကိုလည်း လူထုထံ ပြန်လည်း တင်ပြသွားမည်ဟု အသိပေးထားသည်။
ချင်းတောင်ပိုင်းသို့ ဦးတည်နေသော စစ်တပ်၏ ထိုးစစ်များကို ပြည်တွင်းပြည်ပ ပြည်သူများနှင့် တော်လှန်ရေး တပ်ဖွဲ့များ ဝိုင်းဝန်းပူးပေါင်း ရုန်ကန်ကြလျှင် အကောင်းဆုံး တုံ့ပြန်ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ကြောင်း CPU/ CPA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
လက်ရှိမှာ ယောဒေသသို့ ပေါက်- တပြင်း ကျောက်ထု လမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများ နေ့စဉ် အပြင်းအထန်ဖြစ်ပွားနေကြောင်း ယောတပ်တော် (YA) က မေလ ၂၂ ရက်မှာ ကြေညာထားသည်။
စစ်တပ်သည် အင်အားထောင်ချီစုဖွဲ့ ပြင်ဆင်လျက် ဒရုန်းအပါအဝင် လေကြောင်းပစ်ကူအများအပြား အသုံးပြုပြီး မကွေးတိုင်း၊ ဆောနှင့် ကျောက်ထုမှတဆင့် ချင်းတောင်ပိုင်းရှိ ကန်ပက်လက်နှင့် မင်းတပ်မြို့သို့ ဦးတည်စစ်ကြောင်းထိုးလာရာ ချင်းတောင်ပိုင်းဒေသများနှင့် ချင်း- မကွေးအစပ်၊ ယောဒေသနှင့် ပုံတောင်ပုံညာဒေသတို့မှာ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းတောင်ပိုင်းရှိ ကန်ပက်လက်၊ မင်းတပ်၊ မတူပီက မွေးကင်းစ ၄ ရက်သားကလေး ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး နေအိမ်များ၊ ဆိုင်ခန်းများ၊ အစိုးရအဆောက်အအုံးများ အများအပြား ထိခိုက်ပျက်စီးမှု ဖြစ်ပွားနေသည်ဟု သိရသည်။

