(005MK)
UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ချင်းဖိုက်တာ Joshua Van သည် သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ် အိုင်ဇောလ် မြို့သို့ ယနေ့ မေလ ၂၉ ရက်တွင်ရောက်ရှိလာပြီဖြစ်သည်။
နိုင်ငံ့ဂုဏ်ဆောင် ကမ္ဘာကျော် ချင်းဖိုက်တာ Joshua Van သည် မလေးရှားနိုင်ငံတွင် Chin Refugee Committee -CRC ၂၅ နှစ်ပြည့် ငွေရတုအထိမ်း အမှတ် အခမ်းအနားတက်ရောက်ခဲ့ပြီးနောက် နယူးဒေလီမြို့မှတဆင့် အိုင်ဇောလ် မြို့ Lengpui လေဆိပ်သို့ ယနေ့မွန်းလွဲပိုင် ၂ နာရီတွင် ဆိုက်ရောက်လာခြင်းဖြစ်သည်။
ချင်းဖိုက်တာ Joshua Van ကို မီဇိုရမ်ပြည်နယ်က လွှတ်တော်အမတ်၊ Mizoram Mix Martial Art Association တာဝန်ရှိသူများ၊ ချင်းအဖွဲ့အစည်းများနှင့် ရာနှင့်ချီသော မီဇိုးပြည်သူများက လေဆိပ်မှာ လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြ သည်။
မေလ ၃၀ ရက်ညတွင် Zonet ရုပ်သံလိုင်း နှင့် Mizoram Mix Martial Art Association တို့ပူးပေါင်းပြီး R.Dengthuama ခန်းမတွင် ကျင်းပမည့် MISMA Fight Night ပွဲတွင် အထူးဧည်သည်တော် အဖြစ် တက်ရောက်မည်ဖြစ်သည်။
အဆိုပါ MISMA Fight Night ပွဲစဉ်အတွက် လက်မှတ်များစတင်ရောင်ချနေပြီဖြစ်ပြီး လက်မှတ်ဝယ်ယူလိုသူများ အနေဖြင့် အောက်ပါဖုန်းနံဘတ်များတွင်ဆက်သွယ်နိုင်သည်။ (Miss Timtim, Finance Secy, MISMA ( 8794833652 )For information & others: Samuel Lalrozâma, General Secretary, MISMA & Liaision Officer ( 9886447684))
Joshua Van သည် UFC ကမ္ဘာ့ချန်ပီယံများထဲမှ အိန္ဒိယနိုင်ငံကို ပထမဦးဆုံးလာရောက်မည့်သူဖြစ်သည်။
UFC ဖလိုင်းဝိတ်ချန်ပီယံ ချင်းဖိုက်တာ Joshua Van သည် ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့မှာကျင်းပသော UFC 328 ပွဲစဉ်မှာ ဂျပန်ဖိုက်တာ တာဆူရိုတိုင်ရာကို အလဲထိုးဖြင့်အနိုင်ရရှိပြီး ချန်ပီယံခါးပတ်ကို ဆက်လက်ကာကွယ်နိုင်ခဲ့သည်။

