(004SS)
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် နယူးဒေလီ မြို့ရောက် မြန်မာအင်အားစုများက မနက်ဖြန် မေလ ၂၉ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ကြမည်ဟု သိရသည်။
အဆိုပါဆန္ဒဖော်ထုတ်မှုကို မေလ ၂၉ ရက် (သောကြာနေ့) ညနေ ၄ – ၆ နာရီအထိ နယူးဒေလီမြို့၊ ဂျန်တာမန်တာတွင် ပြုလုပ်သွားမည်ဖြစ်သည်။
ဆန္ဒပြပွဲပါဝင်မည့်သူများအနေဖြင့် Budella park နှင့် C1 bus stand တွင် မနက်ဖြန်ညနေပိုင်း ၂ နာရီ ခွဲ အရောက် ကြိုတင်ရောက်ရှိရမည် ဖြစ်သည်။
ယင်း ဆန္ဒဖော်ထုတ်မှုကို နယူးဒေလီအခြေစိုက် Burma House-New Delhi အဖွဲ့က ဦးဆောင်၍ အိန္ဒိယအစိုးရထံ တရားဝင်ခွင့်ပြုချက်တင်ပြကာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြင်ဆင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လူမျိုးတုန်းသတ်ဖြတ်သူ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ် ကန့်ကွက်ဆန္ဒပြပွဲတွင် မြန်မာနိုင်ငံသားများအားလုံး ပူးပေါင်းပါဝင်ကြရန် အဆိုပါအဖွဲ့က တိုက်တွန်းထားသည်။
“ကျွန်တော်တို့ အားလုံးအခွင့်အရေးအတွက် နောက်ဆုံးအခွင့်အရေးကို လက်လွတ်မခံကြပါနဲ့၊ အားလုံးပူးပေါင်း ပါဝင်ပေး ကြပါ”ဟု Burma House-New Delhi အဖွဲ့ကဖော်ပြထားသည်။
မိမိကိုယ်ကို သမ္မတအဖြစ် ခန့်အပ်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မေလ ၃၁ ရက်နေ့ တနင်္ဂနွေနေ့တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိလာမည်ဟု သိရပြီး ယင်းသည် သမ္မတရာထူး ရယူခဲ့ပြီးနောက်ပိုင်း ပထမဦးဆုံးသော ပြည်ပခရီးစဉ်ဖြစ်သည်။
မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်နှင့်ပတ်သက်၍ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ယနေ့မေလ ၂၈ ရက်နေ့တွင် အသိပေးထုတ်ပြန်လာပြီး အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖတ်ကြားချက်အရ မကြခင်ရက်ပိုင်း အတွင်း တရားဝင်ခရီးစဉ်သွားရောက်မည်ဟု ဖော်ပြထားသည်။
ယခုခရီးစဉ်တွင် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ ကဏ္ဍများ အပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်၍ ဆွေးနွေး သွားမည်ဟုလည်း ဖော်ပြထားသည်။

