(004SS)
မလေးရှားနိုင်ငံသို့ သွားရောက်ရန် ထိုင်းနိုင်ငံတစ်နေရာတွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့သည့် ချင်းလူငယ် Tg. Pau Lam Kim (ခ) Kimno ၏ သူငယ်ချင်း ၃ ဦးသည် ယနေ့တွင် ကလေးမြို့ရှိ မိသားစုများထံသို့ ဘေးကင်းစွာ ပြန်လည်ရောက် ရှိသွားပြီဖြစ်ကြောင်း သိရသည်။
၎င်းတို့ ၃ ယောက်သည် ယနေ့ဇွန်လ ၅ ရက်နေ့တွင် ကလေးမြို့ လေဆိပ်သို့ ရောက်ရှိလာကြပြီး စိန့်ပီတာ Munlai ရိုမန်ကက်သလစ် အသင်းတော်မှ တာဝန်ရှိသူများနှင့် အသင်းသူ၊ အသင်းသားများက နွေးထွေးစွာဖြင့် သွားရောက် ကြိုဆိုခဲ့ကြောင်း မိသားစုဝင်အမျိုးသမီးတစ်ဦးထံမှ သိရသည်။
“ကလေးမြို့ကို ဒီနေ့ ဘေးကင်းကင်းနဲ့ ပြန်ရောက်ပါပြီ။ ဒီအထိ ဘေးရန်ကင်းကင်းနဲ့ ပို့ဆောင်ပေးတဲ့ ဘုရားသခင်ရဲ့ နာမတော်ကို ချီးမွမ်းပါတယ်။ လေဆိပ်အထိ လာရောက်ကြိုဆိုပေးကြတဲ့ စိန့်ပီတာ Munlai ကက်သလစ်အသင်းတော်ကို လည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ ဘုရားသခင်က အားလုံးအပေါ် ကောင်းချီးပေးပါစေ” ဟု မိသားစုဝင်အမျိုးသမီး တစ်ဦးက ဖော်ပြထားသည်။
လွန်ခဲ့သော ရက်ပေါင်း ၅၀ ကျော်ခန့်က ကွယ်လွန်သူ Tg. Pau Lam Kim အပါအဝင် သူငယ်ချင်း ၄ ဦးသည် မလေးရှား နိုင်ငံသို့ သွားရောက်ရန် ထိုင်းနိုင်ငံကို ဖြတ်ကျော်လာစဉ် ကားပေါ်၌ လူပြည့်ကျပ်ပြီး အသက်ရှူမဝဖြစ်ကာ Tg. Pau Lam Kim မှာ ဆုန်ကလာခရိုင်အတွင်း သေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးမှာ သတိလစ်ခဲ့ရသည်။
သတိလစ်သွားသူအား ထိုင်းနိုင်ငံရှိ ဆေးရုံတွင် ၁၀ ရက်ကြာ အရေးပေါ်ကုသပေးခဲ့သည့်အပြင် ကျန်ရှိသည့် သူငယ်ချင်း ဖြစ်သူများကိုပါ ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။
ထို့နောက် မေလ ၂၅ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ၎င်းတို့ ၃ ဦးအား ဘုရားသုံးဆူနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ရာ မေလ ၂၇ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် ရန်ကုန်မြို့ရှိ ဆွေမျိုးများထံသို့ ကျန်းမာစွာဖြင့် အရင်ဆုံး ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။
ရန်ကုန်မြို့၌ ခေတ္တနားခိုပြီးနောက် လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာလာခဲ့ရာ ယနေ့ ဇွန်လ ၅ ရက်နေ့တွင် ကလေးမြို့သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်တစ်ခုလုံးတွင် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည့် ပွဲစားများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ အားလုံးအပေါ် ကျန်ရစ်သူမိသားစုဝင် လူကြီးတစ်ဦးကလည်း အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားထားသည်။
လမ်းခရီး၌ ကွယ်လွန်သွားခဲ့သည့် ချင်းလူငယ် Tg. Pau Lam Kim ၏ ရုပ်အလောင်းကိုမူ ဧပြီလ ၂၃ ရက်နေ့ကတည်းက ထိုင်းနိုင်ငံရှိ ဆေးရုံမှ ထုတ်ယူကာ မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ၎င်း၏ဇာတိဖြစ်သော ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Tuivial ရွာသို့ ပြန်လည်သယ်ဆောင်ခဲ့ပြီး ဧပြီလ ၂၈ ရက်နေ့တွင် ဂူသွင်းသင်္ဂြိုဟ်ပြီးစီးခဲ့ကြောင်း သိရသည်။

