(002MG)
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့တွင် တိုက်ပွဲကာလအတွင်း လူနေအိမ်များဖောက်ထွင်းမှုများရှိနေသည့် အတွက် ညမထွက်ရအမိန့်ကို ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က မေလ (၃၀) ရက်နေ့မှာ ဒေသန္တရ အမိန့် အသိပေးထုတ်ပြန်သည်။
ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်နေသည့် လက်ရှိကာလအတွင်း ကန်ပက်လက်မြို့ပေါ်ရှိ ပြည်သူတချို့မှာ နေအိမ်များစွန့်ခွါကာ လုံခြုံမည့်နေရာများသို့ ပြောင်းရွေ့သွားရသဖြင့် လူမရှိသည့် နေအိမ်များ ဖောက် ထွင်းခံရကာ အဖိုး တန်ပစ္စည်းများ ခိုးယူမှုများရှိနေသည်ဟု ဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ညစဉ် မိမိနေအိမ်နှင့် ပုန်းခိုကျင်းများတွင်သာ နေထိုင်ကြရန် ၊ ခွင့်ပြုချက်မရှိဘဲ အများ ပြည်သူနှင့်ဆိုင်သော နေရာများသို့သွားလာခြင်း ၊ လူစုလူဝေးပြုလုပ်ခြင်း မပြုရန်နှင့် ည ၉ နာရီအချိန်မှ နံနက် ၅ နာရီ အတွင်း ညမထွက်ရ အမိန့်အား ထုတ်လိုက်သည်ဟု ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။
အဆိုပါအမိန့်ထုတ်ပြန်ချက်သည် နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မချင်းအတည်ဖြစ်သည်ဟုဖော်ပြထား သည်။
အလားတူ မေလ (၂၉) ရက်နေ့ကလည်း မင်းတပ်မြို့ပေါ်တွင် လူမရှိသည့် နေအိမ်များဖောက်ထွင်းပြီး အဖိုးတန် ပစ္စည်းများ ခိုးယူမှုများဖြစ်ပေါ်နေသောကြောင့် ညမထွက်ရအမိန့်အား မင်းတပ်မြို့ နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် မေလ (၁၇) ရက်နေ့ကစပြီး အာဏာသိမ်းစစ်တပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းမှ ထွက်လာကာ ချင်းတောင်ပိုင်းအား စစ်ကြောင်းထိုးလာသောကြောင့် ချင်းပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွား နေသည့်အပြင် လေကြောင်းဖြင့်ဗုံးကျဲ တိုက်ခိုက်မှုများလည်း နေ့ စဉ် ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်တောင်ပိုင်းရှိ ကန်ပက်လက်၊ မင်းတပ်၊ မတူပီ မြို့များအား မေလ (၁၃) ရက်နေ့မှစ၍ မေလ (၂၂) နေ့အထိ (၁၀) ရက်တာအတွင်း စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု (၂၅) ကြိမ်ပြုလုပ်ခဲ့ပြီး မွေးကင်းစ ကလေးငယ်အပါအဝင် ပြည်သူ (၂) ဦးသေဆုံးခဲ့ကာ လူနေအိမ်များ၊ ဆိုင်ခန်း များ၊ အစိုးရအဆောက်အဦး အများအပြား ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် ပြည်သူများစွာ ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း ချင်းပြည်သူ့အစည်းအရုံး၊ ချင်းပြည်သူ့ တပ်မတော်က မေလ (၁၃) ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။

