အရပ်သားအဆောက်အဦးများကို အဓိက ဗုံးကြဲခြင်းဖြစ်ဟုဆို
(006SV)
အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ကို ၂ လကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၄၀ ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှု အများစုသည် အရပ်သားအဆောက်အဦးများကို ဗုံးကြဲခြင်းဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ထံမှ သိရသည်။
ဧပြီလ ၁၁ ရက်မှ ဇွန်လ ၂၂ ရက်အထိ မင်းတပ်မြို့နှင့် အနီးဝန်းကျင်ဒေသကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၄၄၀ ကြိမ် ပြုလုပ်ခဲ့ပြီး တစ်ရက်တည်းမှာပင် ဗုံးကြဲမှု ၉၁ ကြိမ်ခန့်ရှိခဲ့သည်ဟု CHRO က ဇွန်လ ၂၂ ရက်မှာ ထုတ်ပြန်သည်။
လေကြောင်းတိုက်ခိုက်မှု၏ ၄၅ ရာခိုင်နှုန်းသည် ၄ ရက်အတွင်း ဖြစ်ပွားခြင်းဖြစ်ပြီး ၂ လကျော်အတွင်း လေကြောင်း စစ်ဆင်မှု ၁၆၈ ကြိမ် ရှိခဲ့သည်ဟု သိရသည်။
လေကြောင်းတိုက်ခိုက်မှု အများစုသည် Y – 12 လေယာဉ်များကို အသုံးပြုပြီး ပစ်မှတ်များကို တိတိကျကျ သတ်မှတ်မှု မရှိဘဲ မင်းတပ်မြို့နှင့် ပတ်ဝန်းကျင်ရှိ အရပ်သား အဆောက်အဦးများကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု CHRO ထံမှ သိရသည်။
မင်းတပ်နှင့် ကန်ပက်လက်မြို့များကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် မေလလယ်ခန့်မှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်နေရာ ချင်းပူးပေါင်းတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံပြည်သူများ စစ်ဘေးရှောင် နေရချိန်မှာ ကျန်ရှိနေသော နေအိမ် အဆောက်အဦးများကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။
လူသူကင်းမဲ့နေသော မြို့ရွာများ၊ လူမှုအသိုင်းအဝန်းများနှင့် အရပ်သားအဆောက်အဦးများကို စစ်တပ်က အပြင်းအထန် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေခြင်းသည် တော်လှန်ဝံ့သော ဒေသခံပြည်သူများအပေါ် စုပေါင်းအပြစ်ပေးခြင်းနှင့် လက်စားချေခြင်း ဖြစ်သည်ဟူသော စိုးရိမ်မှုကို ဖြစ်စေကြောင်း CHRO က အသိပေးထုတ်ပြန်သည်။
လေကြောင်းတိုက်ခိုက်မှုမှာ စစ်ရေးပစ်မှတ်များသာမက မြို့ရွာများ၊ နေအိမ်များ၊ ဘုရားကျောင်းများနှင့် အခြားသော အရပ်သားအဆောက်အဦးများကိုလည်း ခွဲခြားမှု မရှိဘဲ ဗုံးကြဲနေခြင်းဖြစ်ပြီး အခြေခံအဆောက်အဦးအများအပြားသည် ထိခိုက်ပျက်စီးနေကြောင်း ဒေသခံတွင်း သတင်းရင်းမြစ်နှင့် စစ်ရေးလေ့လာသုံးသပ်သူတချို့ထံမှလည်း သိရသည်။
လက်ရှိမှာ ချင်းတောင်ပိုင်းမြို့များနှင် ယောဒေသတောင်ပိုင်းရှိ ဆောနှင့် ကျေးရွာ ၂၅ ရွာခန့်မှ ဒေသခံပြည်သူများသည် စစ်ဘေးတိမ်းရှောင်ရမှု တစ်လကျော် ရှိလာနေပြီး၊ စစ်တပ်၏ ဖြတ်လေးဖြတ် ပြုလုပ်ခြင်းကိုလည်း ထပ်မံ ရင်ဆိုင်နေရသည့်အတွက် ကလေးငယ်၊ သက်ကြီးရွယ်အို အပါအဝင် ထောင်ချီသော စစ်ဘေးရှောင်ပြည်သူများသည် လူသားချင်းစာနာမှု အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

