(006SV)
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ZRA – EC တပ်က ပြည်သူတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လမ်းခရီးတွင် သတ်ဖြတ်လိုက်ကြောင်း သိရသည်။
ဇွန်လ ၂၉ ရက်က တွန်းဇံမြို့နယ် Phuitong ကျေးရွာရှိ စတာလင့် အင်တာနက်စက်များကို ဖြုတ်သိမ်းရန် ရောက်ရှိလာသော ZRA – EC တပ်ဖွဲ့ဝင်တချို့သည် Pa.Thang Lam Khup ကို တွေ့ရှိပြီး တွန်းဇံမြို့ကို ခေါ်ဆောင်သွားစဉ် ယင်းနေ့မှာပင် ရိုက်နှက်ပြီး သတ်ဖြတ်ခြင်း ဖြစ်သည်ဟု CDF-Tonzang Supporters Group ထံမှသိရသည်။
“ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တွန်းဇံမြို့နယ်က Phuitong ရွာမှာ သူတို့က စတားလင်ခ့်ကို လာသိမ်းတယ်။ ဒီလူက သူ့ရွာက GelMual ရွာလို့ ခေါ်တယ်။ ဒါပေမယ့် သူက တွန်းဇံ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ဘေးရှောင်ပြီးတော့ အဲဒီ Phuitong ရွာဘက်မှာ နေရင်းနဲ့ အဲဒီမှာ အိမ်ထောင်ကျတယ်လို့ ကြားမိတယ်။ အိမ်ထောင်ကျပြီး အဲဒီ Phuitong ရွာမှာ နေတယ်။ အဲဒီလို နေတဲ့အချိန်မှာ ZRA – EC တပ်က ရောက်လာချိန်မှာ အဲဒီ Phuitong ရွာသား မဟုတ်ဘူးဆိုတော့ ဒီမှာ ဘာလုပ်နေလဲ၊ ဘာညာ စသဖြင့် မသင်္ကာလို သလိုနဲ့ ဖမ်းသွားပြီးမှ ရိုက်နှက်နှိပ်စက်ပြီးမှ တွန်းဇံမြို့ကို မရောက်ခင်မှာ အသေသတ်တယ်လို့ ကနဦးအနေနဲ့ အဲဒီလိုမျိုးပဲ ကြားပါသေး တယ်” ဟု CDF-Tonzang Supporters Group တာဝန်ရှိသူတစ်ဦးကပြောသည်။
သတ်ဖြတ်ခံရသူ Pa.Thang Lam Khup သည် တွန်းဇံမြို့နယ် GelMual ကျေးရွာသားဖြစ်ပြီး Phuitong ကျေးရွာတွင် စစ်ဘေး ရှောင်နေထိုင်နေစဉ် ZRA – EC တပ်သားများ ရောက်ရှိလာချိန်မှာ သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။
မည်သည့် ဒဏ်ရာများဖြင့် သေဆုံးသည်နှင့် ရုပ်အလောင်းအခြေအနေများကို လတ်တလောမှာ အသေးစိတ် မသိရသေးဘဲ ZRA – EC တပ်သည် တွန်းဇံမြို့နယ်အတွင်းက ၎င်းတို့ ထိန်းချုပ်ထားသော ဒေသတွေမှာ စတားလင့်ခ် စက်များကို လိုက်လံ သိမ်းဆည်း နေသည့်အတွက် ထပ်မံဆက်သွယ်ရန် ခက်ခဲနေသည်ဟု သိရသည်။
၂၀၂၄ ခုနှစ် မေလမှစတင်၍ ချင်းတော်လှန်ရေးတပ်ဖွဲ့များက ၂ နှစ်နီးပါးကြာ သိမ်းပိုက်ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရားနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဖော်ဆော်နေသော တွန်းဇံမြို့ကို ယခုနှစ် ၂၀၂၆ မေလ ၁၉ ရက်တွင် အာဏာသိမ်း စစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်များက ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
လက်ရှိမှာ စစ်တပ်နှင့် ZRA – EC တပ်တို့ ပူးပေါင်းပြီး တွန်းဇံမြို့တွင် အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ပတ်နိုင်ရေး အကောင် အထည်ဖော်ဆောင်ရွက်နေပြီး စစ်ဘေးရှောင်ပြည်သူများကို မြို့သို့ ပြန်လာရန် ဖိတ်ခေါ်နေသည်ကို တွေ့ရသည်။

