(006SV)
ချင်းပူးပေါင်းတပ်နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲများဖြစ်ပွားနေသည့် မင်းတပ်မြို့အနီးနေရာများကို ယနေ့ မနက်ပိုင်းက စစ်တပ်သည် ဂျက်ဖိုက်တာ ၅ စီး၊ Y – 12 ဗုံးကြဲလေယာဉ် ၂ စီးတို့ဖြင့် ဗုံးအလုံးရေ ၁၂၀ ထက်မနည်း ကြဲချတိုက်ခိုက်ကြောင်း သိရသည်။
“တော်လှန်ရေးတပ်တွေနဲ့ စကစတပ်တွေ ချတဲ့ တိုက်ပွဲဖြစ်တဲ့ နေရာကို ကြဲချတာပါ။ လေကြောင်းနဲ့ ဗုံးကြဲသံတွေ တဒုန်းဒုန်းပဲ ကြားနေရတယ်။ ကျန်တာ ဘာမှ မသိရသေးဘူး။ ဘယ်သူမှ အပြင်မထွက်ပဲ ပုန်းနေရတယ်” ဟု မင်းတပ်ဒေသခံ တစ်ဦးက ပြောသည်။
ဇူလိုင်လ ၂၄ ရက် နံနက် ၉ နာရီခွဲခန့်တွင် နေပြည်တော်အေလာလေတပ်မှ ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်းတိုက် ခိုက်မှု ၂ ကြိမ်၊ ဗုံး ၄ လုံး ကြဲချကြောင်း၊ တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ၉ နာရီခွဲခန့်မှ ၉ နာရီ ၄၇ မီနစ်ခန့် အထိ ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်၊ ဗုံး ၈ လုံး ကြဲချခဲ့သည်ဟု သိရသည်။
နံနက် ၉ နာရီ ၅၀ ခန့်မှ ၁၀ နာရီခန့်အထိ မင်းတပ်မြို့အနီးက တိုက်ပွဲဖြစ်ပွားနေသော နေရာများကို မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်၊ ဗုံး ၈ လုံး ကြဲချခဲ့သည်ဟု သိရသည်။
မင်းတပ်မြို့အနီးက ချင်းပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားသော နေရာများကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ ၅ စီးဖြင့် ပေါင် ၃၀၀ ဗုံးများ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ခန့် အသုံးပြု၍ ဗုံးအလုံး ၂၀ အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
နံနက် ၁၀ နာရီမှ ၁၁ နာရီခန့်အထိလည်း မင်းတပ်မြို့အရှေ့ခြမ်း တိုက်ပွဲဖြစ်ပွားနေရာများကို စစ်တပ်သည် ရှမ်းတဲလေတပ်မှ တက်လာသော Y -12 ဗုံးကြဲလေယာဉ်ဖြင့် ဗုံးများ အတွဲလိုက် အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ကျော် ပြုလုပ်ရာ ဗုံးအလုံး ၅၀ ခန့် ကြဲချသွားသည်ဟု သိရသည်။
တံတားဦးလေတပ်မှ Y – 12 ဗုံးကြဲလေယာဉ်မှလည်း အဆိုပါနေရာများကို ဗုံးများကို အတွဲလိုက် အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ် ခန့် ပြုလုပ်ခဲ့ရာ ဗုံးအလုံး ၄၀ ခန့် အသုံးပြုခဲ့သည်ဟု သိရသည်။
ချင်း- မကွေးအစပ် ယောဒေသရှိ ကျောက်ထု၊ ဆောနှင့် လောင်ရှည်ဒေသများတွင်လည်း စစ်တပ်သည် အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသောကြောင့် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။
မင်းတပ်၊ ကန်ပက်လက်မြို့တို့နှင့် အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု နေ့စဉ်နီးပါး အပြင်းအထန် ပြုလုပ်နေရာ အရပ်သားပြည်သူတချို့ ထိခိုက်သေဆုံးမှု ဖြစ်ပွားနေသကဲ့သို့ နေအိမ်နှင့် အခြေခံအဆောက်အဦးများ ထိခိုက်ပျက်စီးမှု ပမာဏ ကြီးမားကြောင်း သိရသည်။
မေလလယ်မှစတင်၍ မင်းတပ်နှင့် ကန်ပက်လက်ကို အင်အား ၂၀၀၀ ဝန်းကျင်ဖြင့် ထိုးစစ်ဆင်နေသော စစ်တပ်သည် အထိနာ၍ တပ်လန်ခဲ့ပြီးနောက် ချင်း- မကွေးအစပ်၊ ကျောက်ထုနှင့် ဆောဒေသသို့ စစ်အင်အား ရာချီ ထပ်မံ ဖြည့်တင်းထားသည်ဟု သိရသည်။

