လူဝင်မှုထိန်းသိမ်းရေးစခန်းမှ မြန်မာ ၅,၀၀၀ နီးပါးအား ပြန်ပို့ရန် စီစဉ်နေဟုဆို
(004SS)
ဒုက္ခသည် သိန်းချီ ခိုလှုံနေထိုင်သည့် မလေးရှားနိုင်ငံတွင် ဒုက္ခသည် စီမံခန့်ခွဲမှုစနစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ဒုက္ခသည်သစ် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်အားလုံးကို ယာယီရပ်ဆိုင်းထားရန် မလေးရှားအစိုးရက ညွှန်ကြားလိုက်ကြောင်း သိရသည်။
အစိုးရ၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင် ဒုက္ခသည် မှတ်ပုံတင်လက်မှတ် (DPP) အစီအစဉ်ဖြင့် စနစ်တကျ ပြန်လည် စီမံနိုင်ရန် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မလေးရှားအစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Lukanisman Awang Sauni က အထက်လွှတ်တော်တွင် ပြောကြားခဲ့ကြောင်း Free malaysia today သတင်းဌာနက ယနေ့တွင် ရေးသားဖော်ပြသည်။
ယခု DPP အစီအစဉ်မှတစ်ဆင့် အပြင်အဖွဲ့အစည်းများ၏ မှတ်တမ်းများအပေါ် မမှီခိုဘဲ ကိုယ်ရေးအချက်အလက် စိစစ်ခြင်းနှင့် စည်းကမ်းထိန်းသိမ်းခြင်းများကို အစိုးရအနေဖြင့် ပိုမိုစနစ်တကျ စီမံဆောင်ရွက်သွားနိုင်မည်ဟုလည်း ဒုတိယဝန်ကြီးက ပြောဆိုကြောင်း သိရသည်။
ထို့အပြင် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၅,၀၀၀ ခန့်အား မလေးရှားရေတပ် သင်္ဘောများအသုံးပြုကာ နေရပ်သို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။
ထိုသို့ အစီအစဉ်အား မြန်မာနိုင်ငံဘက်မှ လက်ခံရန် အသင့်ဖြစ်မှုပေါ်တွင် မူတည်ကြောင်းလည်း ဒုတိယနိုင်ငံခြား ရေးဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်ဟု ဆိုသည်။
DPP အစီအစဉ်အောက်တွင် ဒုက္ခသည်မှတ်ပုံတင်ခြင်းကို အမှန်တကယ် သတ်မှတ်ချက်နှင့် ကိုက်ညီသူများကိုသာ စိစစ်ထုတ်ပေးမည်ဖြစ်ပြီး တရားမဝင် ဝင်ရောက်လာသူများကို ဟန့်တားနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေး အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မလေးရှားအစိုးရက ဒုက္ခသည် မှတ်ပုံတင်ခြင်းများကို ရပ်ဆိုင်းရန် ညွှန်ကြားထားချိန်တွင် တစ်ဖက်၌လည်း အထောက်အထားမဲ့ နိုင်ငံခြားသားများအား အင်အားသုံး၍ ပိုက်စိပ်တိုက် စီးနင်းဖမ်းဆီးမှုများကို ဆက်တိုက် ဆောင်ရွက်လျက်ရှိသည်။
ဇူလိုင်လ ၁၃ ရက်က မလေးရှားနိုင်ငံတဝန်း နာမည်ကြီးနေသည့် နေရာ ၁၈ ခုကို တပ်ဖွဲ့ဝင် အင်အား ၈၇၀ ကျော်ဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာ အထောက်အထားမဲ့ ချင်းလူမျိုး ၃၀ ခန့် အပါအဝင် မြန်မာနိုင်ငံသား ၁၀၁ ဦး၊ စုစုပေါင်း နိုင်ငံခြားသား ၅၀၃ ဦး ဖမ်းဆီးခံခဲ့ရသည်။
မလေးရှားအာဏာပိုင်များအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထောက်အထားမဲ့ တရားမဝင် နေထိုင်သည့် နေရာပေါင်း ၂၀၀ ကျော်ကို စုံစမ်းတွေ့ရှိထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားရာ မလေးရှားရောက် မြန်မာနိုင်ငံသား များအနေဖြင့် လုပ်ငန်းခွင်နှင့် နေအိမ်များတွင် သတိဖြင့်နေထိုင်ကြရန်နှင့် လက်ရှိကိုင်ဆောင်ထားသည့် အထောက် အထားများကို ကိုယ်နှင့်မကွာ ဆောင်ထားကြရန် မလေးရှား-မြန်မာ လူမှုရေးအသင်း (MMA) အပါအဝင် ကူညီ ဆောင်ရွက်ပေးနေသူများက အသိပေး နှိုးဆော်ထားသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ထုတ်ပြန်ချက်အရ မလေးရှားနိုင်ငံတွင် UNHCR မှတ်ပုံတင်ထားသည့် ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသူ စုစုပေါင်း ၂၁၅,၆၀၀ ဝန်းကျင် ရှိပြီး ၎င်းတို့၏ ၈၉% ကျော်မှာ ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံမှ ဖြစ်ကြပြီး ကျန်ရှိသူများမှာ ပါကစ္စတန်၊ ယီမင်၊ ဆီးရီးယား အပါအဝင် နိုင်ငံပေါင်း ၅၀ ခန့်မှ ဖြစ်ကြသည်။
မြန်မာနိုင်ငံမှ ဒုက္ခသည်များသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ကတည်းက မလေးရှားသို့ စတင်ရောက်ရှိ ခိုလှုံခဲ့ ကြပြီးနောက် ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ အရေးအခင်းနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ၏ စစ်ရေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် မလေးရှားသို့ ဒုက္ခသည်များ ဆက်တိုက် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

