၈ လအတွင်းမှာ ကလေးမြို့မှာ မူးယစ်ဆေးဝါးအလုံးအရင်းဖြင့် ၆ ကြိမ်ထက်မနည်းဖမ်းဆီး
(004SS)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆ သန်းကျော်ဖမ်းဆီးရမိ ကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC MYANMAR) က ထုတ်ပြန်သည်။
ဩဂုတ်လ ၁၅ ရက်နေ့ ည ၇ နာရီခွဲအချိန်က ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေရာမှာ မျိုးမြင့်နိုင်(ခ)ကိုမျိုး နှင့် ထွန်းထွန်းနိုင်(ခ)ဗန်လျန်းမွန်နာ(ခ)ဆန်းဒယ်ဘတယ်(ခ)ဗဒင် တို့အား စိတ်ကြွဆေးပြား ၆ ဒသမ ၂ သန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၁၅ ဒသမ ၅ ဘီလီယံ)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း
CCDAC က ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။
ကွင်းဆက်စစ်ဆေးချက်များအရ အဆိုပါ မူးယစ်ဆေးဝါးများကို စစ်ကိုင်းမြို့မှ ကလေးမြို့သို့ သယ်ဆောင်ခိုင်းသူမှာ နမ့်စန်မြို့နယ်၊ ပန်လင်းဆိုင်ရွာနေ ကျော်မြင့်(ခ)သာရှည်ကောဖြစ်ပြီး ကလေးမြို့၊ စမ်းမြို့ရပ်ကွက်နေ လာလ်ရိုဒင်းငါ (ခ)ဒင်းသဲ၊ ရန်ကုန်မြို့နေ မောင်သန်း နှင့် တီးတိန်မြို့နေ အင်းဆွင်းပုမ်းတို့ ၃ ဦးမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင် ဖော်ပြထား သည်။
ကလေးမြို့သည် နယ်စပ်ထွက်ပေါက် လမ်းဆုံလမ်းခွ၌ တည်ရှိနေခြင်းကြောင့် မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုရာတွင် အဓိကလမ်းကြောင်းတစ်ခုဖြစ်ပြီး မကြာခဏ ဖမ်းဆီးရမိမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
“ကလေးမြို့က ရှမ်းပြည်ဘက်ကနေရော၊ မန္တလေးဘက်ကရော၊ ထိုင်းဘက်ကနေရော ဘယ်ကလာလာ လမ်းဆုံလမ်းခွလို ဖြစ်တာပေါ့နော်။ နောက် အိန္ဒိယ-မြန်မာနယ်စပ် လမ်းကြောင်းလည်း ဖြစ်တယ်ဆိုတော့ မူးယစ်ကုန်သည်တွေက အဓိက လမ်းကြောင်းအဖြစ်အသုံးပြုကြတယ်၊ မူးယစ်ဆေးဝါးတွေလည်း မကြာခဏဖမ်းမိတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ၈ လတာကာလအတွင်း ကလေးမြို့၌ CCDAC ၏ မူးယစ်ဆေးဝါးအလုံး အရင်းဖြင့် ဖမ်းဆီးမှု ၆ ကြိမ်ထက်မနည်း ရှိခဲ့ပြီး စုစုပေါင်း ကာလဒေသတန်ဖိုး ကျပ် ၂၄ ဒသမ ၆ ဘီလီယံကျော် တန်ဖိုးရှိ သည်ဟု သိရသည်။
ထိုသို့ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများတွင် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၇ ဒသမ ၅ သန်းကျော်၊ ဘိန်းဖြူ ၉၉ ကီလို နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ ဒသမ ၈ တန် တို့ ပါဝင်သည်။
ဧပြီလ ၁၂ ရက်နေ့တွင် ကလေးမြို့အဝင်၌ ကျပ် ၄ ဒသမ ၉၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ကီလိုနှင့် ကဖင်း ၃ ဒသမ ၈ တန် ၊ ဇွန်လ ၁၆ ရက်နေ့တွင် အေးသာယာကျေးရွာအနီး ကျပ်သန်း ၈၈၀ တန်ဖိုးရှိ ဘိန်းဖြူ ၂၂ ကီလို၊ ဇူလိုင်လ ၆ ရက်နေ့ တွင် မြို့ပေါ်ရပ်ကွက်များ၌ ကျပ် ၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၇ သိန်း၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ကလေးမြို့အဝင်၌ ကျပ် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၆ သိန်းနှင့် ယခု ဩဂုတ်လ ၁၅ ရက်နေ့တွင် စမ်းမြို့ရပ်ကွက်၌ ကျပ် ၁၅ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆ ဒသမ ၂ သန်းကျော်တို့ကို CCDAC က အသီးသီး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ကလေးမြို့ဘက်ကို ဝင်ရောက်လာသော မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူ နှင့် စိတ်ကြွဆေးပြားအများစုပါဝင်ပြီး ကလေးမြို့ မှတဆင့် အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်ဘက်သို့ပို့ဆောင်ကာ မီဇိုရမ်ပြည်နယ်ဘက်သို့ပို့ဆောင်လေ့ကြသည်။
ထို့နောက် မီဇိုရမ်ပြည်နယ်မှတဆင့် အိန္ဒိယပြည်မဘက်ကသို့ ဆက်လက်ပို့ဆောင်ကြသည်ဟု သိရသည်။
အိန္ဒိယ-မြန်မာနယ်စပ်မှတဆင့် မီဇိုရပ်ပြည်နယ်ဘက်ကို မူးယစ်ဆေးဝါးများ အလုံးအရင်းဖြင့်ဝင်ရောက်လာမှုကြောင့် မီဇိုရမ်တွင်လည်း မူးယစ်ဆေးဝါးဖမ်းဆီးမှုများနေ့စဉ်နီးပါးရှိနေပြီး အဆိုပါမူးယစ်ဆေးဝါးများကြောင့် မြန်မာနိုင်ငံသား နှင့် စစ်ဘေးရှောင်များအပေါ်ထားရှိသော ဒေသခံများ၏ အမြင်လည်းပြောင်းလဲလာကြောင်း မီဇိုရမ်ရောက်ချင်းအမျိုးသား တစ်ဦး ကပြောသည်။
“မြန်မာပြည်ကနေ မူးယစ်ဆေးဝါးတွေကို ကလေးကနေ အိန္ဒိယ-မြန်မာနယ်စပ်ကို ပို့တယ်။ အဲဒီကနေ မီဇိုရမ်က တစ်ဆင့် အိန္ဒိယထဲ ရောက်တယ်ပေါ့နော်။ မီဇိုရမ်မှာလည်း ခဏခဏ ဖမ်းမိတယ်။ အဲဒါကြောင့်ပဲ မြန်မာတွေကြောင့် သူတို့ဒေသမှာ မူးယစ်ဆေးတွေဝင်လာ၊ များလာတယ်ဆိုပြီး မီဇိုးတွေကပြောနေကြတာတွေရှိတယ်၊ မှန်လည်းမှန်နေတယ်၊ အခုဆို ပိုဆိုးတာက တချို့က စစ်ဘေးရှောင်တွေ မူးယစ်ဆေးမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ထင်လာကြတာ။ တချို့ရပ်ကွက်မှာဆို စစ်ရှောင်တွေကို တင်းကြပ်လာတာတွေအထိရှိတော့ အပြစ်မရှိတဲ့သူတွေ တော်တော်ဒုက္ခရောက်ရတယ်။ မူးယစ်ဆေး တင်ပို့ ရောင်းချတဲ့သူတွေကြောင့် အပြစ်မရှိတဲ့ မြန်မာနိုင်ငံသားတွေ၊ စစ်ဘေးရှောင်တွေ အထင်သေးခံရတယ်၊ အမုန်းခံနေရ တယ်” ဟု ၎င်းက ပြောသည်။

