(006SV)
ချင်းလဲန်းကောင်စီ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ်နှင့် ဒေသ တရားရုံးများသည် တော်လှန်ရေး ၂ နှစ်တာကာလအတွင်း ချင်းပြည်သူလူထု၏ အမှုပေါင်း ၆၄၀ ကျော်ကို စစ်ဆေးစီရင်နိုင်ခဲ့သည်ဟု သိရသည်။
လက်ရှိ ချင်းပြည်တွင် မြို့နယ်နှင့် ဒေသ တရားရုံးပေါင်း ၂၅ ခု ရှိသည့်အနက် ၂၃ ခုမှာ တရားရေးလုပ်ငန်းများ လည်ပတ်နေပြီး ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်အတွင်း တရားမမှု ၃၆၆ မှုနှင့် ပြစ်မှုဆိုင်ရာအမှု ၂၇၈ မှု၊ စုစုပေါင်း ၆၄၄ မှုကို စစ်ဆေး၊ စီရင်နိုင်ထား ခြင်းဖြစ်သည်။
“အခုလက်ရှိမှာ ဆိုရင် တရားသူကြီးချုပ် ၁ ယောက်ရယ်၊ တရားသူကြီး ၂ ယောက်ရယ် ရှိပါတယ်။ အခုချိန်မှာ ဒေသန္တရ အစိုးရ မှာလည်း တရားရုံး ၂၅ ခု ရှိပါတယ်။ အဲဒါနဲ့ ချိတ်ဆက်ပြီး တရားရေးက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလို အခက်အခဲ အများကြီးထဲကနေမှ တရားရုံးတွေကနေ ကေစ့်ပေါင်း ၆၀၀ ကျော်ကို စီမံဆောင်ရွက်နေပြီး ဖြစ်ပါတယ်” ဟု ချင်းပြည်အစိုးရအဖွဲ့မှ Dr. Sharon Par က ပြောသည်။
အမျိုးသမီး တရားသူကြီး ၄ ဦးအပါအဝင် တရားသူကြီး ၃၂ ဦးသည် မြို့နယ်နှင့် ဒေသတို့ရှိ တရားရုံးများတွင် တရားစီရင်ရေး တာဝန်များကို ထမ်းဆောင်နေသည်ဟု သိရသည်။
လက်ရှိမှာ ချင်းပြည် တရားလွှတ်တော်ချုပ်ကို တရားသူကြီးချုပ် ၁ ဦးနှင့် တရားသူကြီး ၂ ဦးတို့ဖြင့် ဖွဲ့စည်းထားပြီး တရားမမှုနှင့် ပြစ်မှုဆိုင်ရာ အမှု ၁၈ ခုကို ကြားနာထားပြီးဖြစ်ကြောင်း၊ အမှု ၁၁ မှုကို စီရင်ချက် ချထားပြီး ၇ မှုကို ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်ဟု သိရသည်။
ချင်းပြည်တရားလွှတ်တော်ချုပ်က စစ်ဆေးရသော တရားမမှုအများစုမှာ မြေယာကိစ္စ၊ နယ်မြေနယ်နိမိတ်အငြင်းပွားမှု၊ ဘုရားကျောင်းတစ်ခုနှင့် တစ်ခုအကြား အငြင်းပွားမှုတို့ဖြစ်ပြီး ပြစ်မှုဆိုင်ရာအမှုများမှာ ထိခိုက်နာကျင်စေမှုနှင့် နယ်စပ်ဖြတ်ကျော်မှုတို့ ပါဝင်သည်ဟု သိရသည်။
ချင်းပြည်တရားစီရင်ရေးသည် ပြဌာန်းဥပဒေနှင့် ဓလေ့ထုံးတမ်းဥပဒေနှစ်မျိုးစလုံးကို ကျင့်သုံးပြီး တရားမမှုဆိုင်ရာအမှုများတွင် ဓလေ့ထုံးတမ်းဥပဒေကို အဓိက ကျင့်သုံးနေကာ ပြစ်မှုဆိုင်ရာအမှုများတွင် ဓလေ့ထုံးတမ်း ဥပဒေ အသုံးပြုခွင့်ကို အသိအမှတ်ပြုထားသော်လည်း ပြဌာန်းဥပဒေကို ကျော်လွန်ပိုင်ခွင့် မရှိကြောင်း သိရသည်။
ချင်းပြည်တရားလွှတ်တော်ချုပ်သည် ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ဥပဒေသက်ရောက်မှုအနက်အဓိပ္ပါယ်ကို ဖွင့်ဆိုပိုင်ခွင့်ရှိပြီး ပြစ်မှုဆိုင်ရာနှင့် တရားမမှုဆိုင်ရာ ပြစ်မှုအားလုံးအတွက် အယူခံတင်သွင်းရာ အမြင့်ဆုံးတရားရုံးဖြစ်ကာ ၎င်း၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်ဟု သိရသည်။
ချင်းပြည်တရားရေးကဏ္ဍတွင် ချက်ချင်းဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် နှစ်ရပ်ရှိပြီး အဆင့်ဆင့်သော တရားရုံးများ အကြား ချိတ်ဆက် ဆောင်ရွက်မှု ပိုမိုခိုင်မာ အားကောင်းရေးနှင့် တရားသူကြီးများနှင့် တရားရေးဝန်ထမ်းများအတွက် စွမ်းရည်မြှင့်သင်တန်းများ ပေးနိုင်ရေးဖြစ်သည်ဟု သိရသည်။

